အပိုင်း ၆

Start from the beginning
                                    

"ဒေသခံတွေ ယုံကြည်ကြတဲ့ အင်းတော်ကြီး ဖြစ်လာပုံအကြောင်း သိပြီးပြီလား"

"ကြားဖူးတယ်၊ အတိအကျတော့ သေချာမသိဘူး"

"နဂါးကို မင်း သိလား"

"အင်း သိတယ်၊ မြွေလိုမျိုး မဟုတ်လား၊ ဘုရားပုထိုးတွေမှာ အတွေ့များတယ်လေ"

"ဟုတ်တယ်၊ နဂါးတွေဆိုတာ စွမ်းအားရှင်တွေ၊ တန်ခိုးရှင်တွေပေါ့"

သူ့ကို စိတ်ရှိတိုင်း လိုက် စ နေတတ်သောကြောင့် အရင်အချိန်များကလို သူတို့နှစ်ယောက် မစိမ်းတော့။ အတူတွဲလုပ်ခဲ့သည့် အချိန်ကြာလာသည်နှင့်အမျှ ပိုပြီး ခင်ခင်မင်မင် ရှိလာခဲ့ပြီ။

ဒဲရစ်ခ်သည် အလုပ်ချိန်ပြင်ပတွင် အသက်အရွယ်နဲ့အလိုက် လူငယ်တစ်ယောက်လို ပေါ့ပေါ့ပါးပါးနေသည်။ ညနေခင်းများတွင် ၀ရန်တာမှာထိုင်ရင်း သူကြိုက်တတ်သည့် သီချင်းများဖွင့်ပြီး ဘီယာသောက်လျှင် သောက်နေတတ်သည်။ တစ်ခါတစ်ရံ အင်းတော်ကြီးကန်သို့ လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသားဧည့်သည် လူငယ်များနှင့် စကားပြောရယ်မောနေတတ်သည်။

"ပြောလေ ဆောင်း၊ မင်း ဘာပြောမလို့လဲ"

စိတ်ဝင်စားစရာ ကောင်းလှသော အင်းတော်ကြီးဖြစ်လာပုံကို ဆောင်းကို ဆက်ပြောသည်။

ဘောဂ၀တီ နဂါးပြည်မှ ဧရာပတ္တနဂါးမျိုး သားအဖသုံးယောက်သည် တိုင်းပြည်ထူထောင်ဖို့ နေရာရှာရန် မြစ်ဝမှဝင်လာကာ မြစ်ကြောင်းတစ်လျှောက် ဆန်တက်လာကြပုံနှင့် ဖခင်နှင့်သားတော်ကြီး နဂါးတို့ အင်းအိုင်ဖွဲ့ပြီး အသီးသီး တိုင်းပြည်သစ်ထူထောင်နေခဲ့ကြပုံများကို လှေစက်သံကြားမှ ရှင်းပြဖြစ်သည်။

ညီတော်နဂါးသည်လည်း ပြည်သစ်အတွက် နေရာရှာရင်း အင်းတော်ကြီးကန်ဖြစ်လာမည့် နေရာသို့ ရောက်လာခဲ့ခြင်းပင်။ သို့သော် ထိုနေရာသည် လွတ်လပ်သောနယ်မြေမဟုတ်ဘဲ ထမန်သီ ခေါ် ရှမ်းလူမျိုးများ နေထိုင်လျက်ရှိသော အိမ်ခြေကိုးသန်းရှိသည့် စည်ခမ်းမြို့ကြီး ရှိနေခဲ့သည်။

"ဒါဆို အခုကန်ကြီးနေရာမှာ မြို့ကြီးရှိခဲ့တာပေါ့၊ ဟုတ်လား ဆောင်း"

တောင်တောရယ်သာWhere stories live. Discover now