အပိုင်း ၅

Start from the beginning
                                    

ဒေသခံကောင်‌လေးသည် ပုဆိုးကို ခပ်တိုတို ပြင်၀တ်ရင်းဖြေသည်။ တောထဲတွင် စိမ့်စမ်းရေများ နေရာအနှံ့ စီးဆင်းနေကာ အချို့နေရာများတွင် လမ်းမပေါက်သဖြင့် စမ်းချောင်းတစ်လျှောက် ဆန် တက်ရမည်ကို သိထားသောကြောင့် ကြိုတင်ပြင်ဆင်ခြင်းပင်။ သို့သော် စကားစ မပြတ်။

"ကန်ထဲက အခွံမာလိပ်တွေဆိုရင်လည်း စျေးပိုရတော့ တရုတ်ကို ရောင်းစားကြတယ်၊ ဒါပေမဲ့ အခုနောက်ပိုင်း ဒါမျိုး သိပ်မရှိတော့ဘူးဗျ၊ အစ်ကိုတွေ့တယ်မဟုတ်လား၊ အင်းတော်ကြီးပတ်၀န်းကျင်က စားသောက်ဆိုင်တွေမှာ တောရိုင်းတိရစ္ဆာန်သား မရောင်းတော့ဘူး၊ ကျွန်တော်လည်း ငယ်ငယ်က ငှက်တွေကို သတ်ဖူးသေးတယ်၊ ဒါပေမဲ့ အခု မသတ်တော့ဘူး၊ ဟီး.."

ကောင်လေးသည် သွားများပေါ်အောင် ရယ်ပြီး ရှေ့ဆက်လျှောက်သွားသည်။

စိမ်းစိုနေသောတောကြီးရှိရာ လှမ်းမျှော်ကြည့်ရင်း ဆောင်းကို ငိုင်သွားမိသည်။ တောနက်ကြီး၏ အဆုံးကို မမြင်ရ။ အရာရာသည် သစ်ပင်များဖြင့် ပိတ်ဆို့နေသည်။ ဒီသစ်ပင်ကြီးတွေ ဖြစ်လာဖို့၊ ဒီလိုတောနက်ကြီး ဖြစ်လာဖို့ နှစ်ပေါင်းမည်မျှ ကြာခဲ့မည်ကို မခန့်မှန်းနိုင်။ သဘာ၀တရားသည် ပြန်လည်ပေါက်ဖွားရန် အချိန်လိုသည်။ ရှင်သန်ကြီးပြင်းရန် ပိုပြီး ခက်ခဲသေးသည်။

"ဟိုမှာတွေ့လား ဆောင်း"

အနားမှာရှိနေသူကိုပင် သတိမထားမိလောက်အောင် ငေးနေမိခြင်းမျိုး။ ထိုသူ ညွှန်ပြရာသို့ လှမ်းကြည့်တော့ ဆင်ချေးပုံကြီးကို မြင်ရသည်။

"ဒီဆင်ချေးပုံက လတ်လတ်ဆတ်ဆတ်ကြီး ရှိသေးတယ်၊ ဆင်တစ်ကောင် ဒီနေရာက ဖြတ်သွားတာ မကြာသေးဘူး၊ ဆင်ထိန်းပါရင် ကိစ္စမရှိပေမယ့် ဒီအတိုင်း လွှတ်ထားတဲ့ကောင်တွေနဲ့တိုးရင် အန္တရာယ်များတယ်၊ သတိမထားလို့ မရဘူး၊ တောထဲ၀င်ရင် သတိရှိရတယ်၊ မင်း သိပ်ငေးတာပဲ"

ဒီနေ့လည်း အဆူခံရသည်သာ။ ပထမနေ့တွေတုန်းကလို မခံချင်တာမျိုး မဖြစ်တော့။ ထိုသူ ပြောမည်ဆိုလည်း ပြောချင်စရာ မဟုတ်ပါလား။ သူက သဘာ၀တရားကို ခံစားမူးယစ်ချင်သူဖြစ်သောကြောင့် အတွေးများနေသည်။

တောင်တောရယ်သာWhere stories live. Discover now