အပိုင်း ၄

Comenzar desde el principio
                                    

ရိုးရိုးနှင့် ဘွင်းဘွင်း ပြောတတ်သော တိုင်းရင်းသူအဒေါ်ကြီး၏ စကားကြောင့် ပြုံးရသည်။

"နေပူထဲတစ်နေကုန်သွားနေတာကို အဒေါ်ရ၊ ရန်ကုန်သားလည်း မည်းပြီပေါ့"

"မင်း အသက် ဘယ်လောက်ရှိပြီလဲ"

"၂၄ ခင်ဗျ"

"ဟယ်.. ကြီးပြီပေါ့၊ ငါက ဖြူဖြူ့ထက် ငယ်မယ်ထင်နေတာ"

ကြားနေကြစကားဖြစ်တာကြောင့် မထူးဆန်းသော်လည်း ရယ်မိသည်။ ဖြူ့ကို စနောက်ဖို့ မှတ်ထားရမည်။ တစ်ယောက်သောသူနှင့်ဆိုလျှင် အဆူခံရသလောက် နှင်းဖြူရိပ်နှင့်ဆိုလျှင်တော့ သူ ပျော်ရသည်။

"အိမ်ထောင်ကျပြီပေါ့"

"ခင်ဗျာ..မကျသေးဘူးခင်ဗျ"

"ဟုတ်လား၊ အဒေါ်တို့ဆီမှာတော့ ဒီအရွယ်ဆို ကလေးအဖေ ဖြစ်နေပြီ"

ရယ်မောပြောဆိုနေသော ဆိုင်ရှင်အဒေါ်ကြီး၏ စကားများကြောင့် စားပွဲပေါ်တင်ထားသော ဖုန်းရှိရာသို့ အကြည့်ရောက်သည်။ 'မကိုင်နဲ့၊ သွားမကြည့်နဲ့၊ မင်း စိတ်ဆင်းရဲရတာပဲ အဖတ်တင်မယ်' ဟူ၍ စိတ်ကူးထဲတွင် မျိုးစုံတားဆီးနေသော်လည်း သတိမထားမိလိုက်ချိန်မှာပင် ဖုန်းလေးသည် လက်ထဲရောက်နေပြီ။

တစ်ချိန်က သိကျွမ်းရင်းနှီးခဲ့ရသူတစ်ယောက်သည် ဆိုရှယ်မီဒီယာထဲမှ ဓါတ်ပုံများတွင် ပြုံးရယ်နေသည်။ မျဥ်းဖြောင့်တစ်ကြောင်းလို မျက်ခုံးနက်နက်များပိုင်ရှင်။ မိမိကိုယ်ကို ယုံကြည်မှုအပြည့်ဖြစ်သော ထိုအပြုံး၊ ထိုအကြည့်များသည် အဆိပ်လူးသော မြားပေါင်းများစွာလို ရင်သို့တည့်တည့်စိုက်သည်။ နာကျင်ရသည်ကိုပင် ပျော်မွေ့နေရသူ အရူးတစ်ယောက်လို ဆောင်းကိုကို ခံရခက်သည်။ ထိုသူ ပွေ့ဖက်ထားသော အမျိုးသမီးငယ်ကို မမြင်ချင်ယောင် ဆောင်၍မရ။

ကောင်းမြတ်နိုင်..

ထိုအမည်နာမတစ်ခုသည် သူရဲတစ္ဆေတစ်ကောင်လို ခြောက်ခြားစေနိုင်သည်။ ကိန္ဒရီ ကိန္ဒရာပုံပြင်လို လွမ်းဆွတ်ကြေကွဲစေနိုင်သည်။ လမင်းထံမှ ထမင်းဆီဆမ်းလိုချင်သော ကလေးငယ်တစ်ယောက်လို မျှော်လင့်ချက်မဲ့စေနိုင်သည်။ အချိန်တွေကြာခဲ့သော်လည်း ရင်မှဒဏ်ရာများသည် အမာရွတ်မပြောင်းနိုင်သေး။ ထိုသူနှင့်ပတ်သက်ခဲ့သမျှ ယခုအချိန်မှာတော့ ဖန်သားပြင်ထက်မှ ဓါတ်ပုံများသာ သူ့ဘ၀ထဲမှာ ကျန်တော့သည်။

တောင်တောရယ်သာDonde viven las historias. Descúbrelo ahora