ဟိုပင်မြို့
ကချင်မြေ..
ရန်ကုန် မြစ်ကြီးနား ကားလမ်းပေါ်မှ ဟိုပင်မြို့လေးသို့ ဆောင်းကိုကို ရောက်လာချိန်သည် မွန်းတည့်ခါနီးဖြစ်သည်။ အဲကွန်းကားပေါ်မှ ဆင်းလိုက်တာနှင့် ပူပြင်းသောနေမင်းအရှိန်ကြောင့် ချွေးများစိမ့်ထွက်လာသည်။ ကားရပ်သည့်နေရာအနီးတွင် လမ်းဘေး ထမင်းဆိုင်လေးရှိသည်။ ခုံတန်းပေါ်တွင် ဆိုင်ကယ်ကယ်ရီသမား တစ်ယောက် ဆေးပေါ့လိပ်ဖွာကာ ဒူးတစ်ဖက်ထောင်ရင်း ထိုင်နေသည်။
"ညီလေး ဘယ်သွားမလဲ၊ အစ်ကို လိုက်ပို့ပေးမယ်"
"ရတယ်အစ်ကို"
"လုံးတုံလား ငါ့ညီ၊ စျေးပိုမတောင်းဘူး၊ စိတ်ချ၊ လာပါ"
ဧည့်သည်အများစု သွားတတ်သည့် နေရာကို ထည့်မေးသည်။ ဆောင်းကိုကိုသည် အသားလတ်လတ်၊ မျက်နှာသွယ်သွယ်နှင့်ဖြစ်သည်။ ဒေသခံ တိုင်းရင်းသားရုပ်မဟုတ်သောကြောင့် အလည်လာသူဟုပင် ယူဆပါလိမ့်မည်။
"လာပါ ညီလေးရ၊ နေပူကြီးထဲမှာ"
"ရတယ်ခင်ဗျ၊ ကျွန်တော့်ကို လာကြိုကြမှာ"
ဆောင်းကိုကို ဆိုင်ကယ်ကယ်ရီ ဦးလေးကြီးကို အားနာစွာ ဖြေရင်း လက်မှနာရီကို ငုံ့ကြည့်သည်။
ကားသည် အချိန်စောပြီး ဟိုပင်မြို့သို့ ရောက်လာသောကြောင့် လာကြိုမည့်သူသည် ရောက်မလာနိုင်သေးပါ။ မိမိကိုယ်တိုင်လည်း တစ်ခါမှမရောက်ဖူးသည့် ဒေသဖြစ်နေသောကြောင့် ဘယ်သွားရမည်ကို ချက်ချင်းမဆုံးဖြတ်နိုင်။ ပတ်၀န်းကျင်ကို အနည်းငယ် ေ၀့၀ဲကြည့်ကာ အချိန်ယူပြီးမှ လမ်းတစ်ဖက်ရှိ မြန်မာထမင်းဆိုင်အတွင်း ဝင်လာခဲ့သည်။ ကျောပိုးအိတ်နှင့် လက်ဆွဲအ၀တ်အိတ်ကို အနားရှိခုံပေါ် တင်ရင်း ထိုင်ခုံတစ်ခုံကို ဆွဲထိုင်လိုက်ချိန်မှာ ဆိုင်ရှင်မိန်းကလေးက အနားတွင် လာရပ်သည်။ အသားညိုပေမယ့် သနပ်ခါးလိမ်းထားသော မျက်နှာလေးမှာ ၀င်း နေသည်။
"ထမင်းစားမလား အစ်ကို"
"ဘာဟင်းတွေရလဲ ညီမ"
"ကြက်သား၊ ဝက်သား၊ ပုစွန်ကြော်၊ ကလီစာ၊ ဘဲဥဟင်း"
"ဘဲဥဟင်းနဲ့တစ်ပွဲ ညီမလေး"
YOU ARE READING
တောင်တောရယ်သာ
Romanceတောင်တောရယ်သာ... မာလာကငုံဖူး... တစ်ပင်ကိုနှစ်ပင်ယှက်တယ်... ကျေးငှက်ကမြူး...