ကျသွားပြီဖြစ်တဲ့ ဖုန်းကိုကိုင်ထားဆဲနဲ့ ဟန်စစ် မျက်လုံးစုံမှိတ်ပြီး သက်ပြင်းချလိုက်မိသည်။ ပုခုံးကိုလာဖက်လို့ ဖြည်းဖြည်းပုတ်လာတဲ့ အထိအတွေ့ကြောင့် လှည့်ကြည့်လိုက်တော့...

"ဆရာ..."

"ဘာတဲ့လဲ။ ပြန်လာခိုင်းနေပြီလား"

ခေါင်းညိတ်ပြတော့ ဆရာက ရယ်သည်။

"ဒီနေရာမှာတော့ မင်းအဖေနဲ့ ဆရာနဲ့ စိတ်ကူးချင်းတူတယ် ဟန်စစ်"

"ကျွန်တော်က ကျောင်းမတက်ဘူးလို့ ပြောတာ မဟုတ်ပါဘူး ဆရာ။ အဆောင်ကနေပဲ တက်မယ်ပြောတာပါ"

"ဆရာတို့ကလည်း မင်းကို အားကစားမလုပ်နဲ့တော့လို့ ပြောတာမဟုတ်ဘူးလေ။ ဒီတစ်နှစ်လေးပဲ အားကစားကို ခဏနားပြီး စာဘက်ကို အာရုံစိုက်ခိုင်းတဲ့ သဘောပါကွာ။ လောကကြီးမှာ ဖြစ်ချင်တာတွေကို အရယူဖို့ ဖြစ်သင့်တာတွေကို ဦးစားပေးတတ်ရမယ်လို့ ဆရာ မင်းကို ပြောဖူးတာ မှတ်မိတယ်မလား"

"ဟုတ်ကဲ့"

"ဒါဆို အထုပ်ပြင်တော့။ ဆရာ့တပည့်ကို ယုံတယ်။ မင်းက ဘာလုပ်လုပ်အောင်မြင်မယ့်သူပဲဟန်စစ်။ 2009 Laos Sea Games က ရွှေတံဆိပ်တွေကလည်း မင်းအတွက်ပဲ။ တစ်ခုတော့ရှိတယ်နော်။ ဆယ်တန်းအောင် လက်မှတ်လေးတစ်ခု မရှိဘဲနဲ့တော့ ရွှေတံဆိပ်ကို လောဘမတက်နဲ့။ အားကစားသမားတစ်ယောက်အတွက် နိုင်ငံ့ဂုဏ်ဆောင်ပေးဖို့က တာဝန် တစ်ခုဆိုရင် သားတစ်ယောက်ရဲ့တာဝန်က မိဘစိတ်ချမ်းသာအောင် လုပ်ပေးဖို့ပဲ"

ဆုံးမစကားပြောပြီး ပုခုံးကိုတစ်ချက်ဖျစ်ညှစ် ထွက်သွားတဲ့ ဆရာ့ကျောပြင်ကို ငေးကြည့်ပြီးနောက်တော့ ဟန်စစ် လည်း ခြေဦးပြန်ရ၏။

*****

အိမ်ရှေ့ဆင်ဝင်အောက် ကားရပ်လိုက်တာနဲ့ လက်နှီးစုတ်ကိုင်ရင်း အထုပ်တွေပြေးလာသယ်တာက ကိုရိုး။

"မင်း ပြန်လာတော့မယ့်ဆိုလို့ မင်းကြိုက်တာတွေချည်း ငါလက်စွမ်းပြထားတယ် ဟန်စစ်။ ဗိုလ်မှူးလည်း ည ၁၀နာရီလောက်တော့ ပြန်ရောက်မယ် ပြောတယ်။ မင်းကလည်း အိမ်ပြန်မလာ ဗိုလ်မှူးကလည်း နေပြည်တော်ပဲသွားနေတာ ငါ့မှာဘယ်လောက်အထီးကျန်လဲသိလား။ အသည်းနှလုံးမရှိတဲ့ သားအဖတွေ"

KINGWhere stories live. Discover now