သို့ပေမယ့် သံယောဇဉ် မပြတ်နိုင်သေး။

သူ့လိုပဲ နေသူရိန်မင်းခန့်ကို စာဖတ်စေချင်သည်။
     
စာအုပ်တွေကို မြတ်နိုးစေချင်သည်။

ပေါ့ပေါ့ နေ၊ ပေါ့ပေါ့ စား။ အိပ်လိုက်၊ စားလိုက်နှင့် အချိန် ကုန်နေတတ်သည့် နေမင်းကြီးကို သူ တကယ် ကြည့်မရ။ အခု နောက်ပိုင်း ပို ဆိုးလာသည်။ ဂိမ်း ပစ်လာသည်။ အလွန်အကြူး မဟုတ်ပေမယ့် ဝေယံ့ မျက်လုံးထဲ ဆန်ကုန်မြေလေးနှင့် တူသည်။

ဒီလို မဖြစ်ရဘူး။
လက်ခံလာအောင် ကြိုးစားကြည့်ချင်သေး၏။
    
"တောင်းဆိုရင်တောင် မဖတ်ဘူးလား"

"မဖတ်ဘူး"

"မင်းအတွက် ပြောနေတာလေ"

မ ဖတ် ဘူး

နေသူရိန်မင်းခန့် အသံ မထွက်ဘဲ ပါးစပ် လှုပ်ရုံ တစ်လုံးချင်း ပြောလိုက်သည်။ ထိုအပြော နောက် ကပ်ပါလာတာက ဝေယံ၏ သက်ပြင်းချသံ။

ဝေယံ တစ်ခု သဘောပေါက်သွားသည်။ နေသူရိန်မင်းခန့် စာဖတ်လာဖို့ ဆိုတာ လုံးဝကို ဖြစ်မလာနိုင်သည့် ကိစ္စ တစ်ခု ဆိုတာပင်။

ကိုယ် မဟုတ်တဲ့ တခြားတစ်ယောက်ကို ကိုယ့်လို ဖြစ်လာဖို့ မျှော်လင့်မိတာ ရူးတာပဲ

အတွေးနှင့် အတူ အောက်နှုတ်ခမ်းကို နာနာ ဖိကိုက်မိသည်။ သေချာသည်။ ဝေယံ စိတ်ရှုပ်နေရပြီ။
    
"ဒီလို စရိုက် မတူတဲ့ ငါတို့ နှစ်ယောက်၊ ဘယ်လိုလုပ်ပြီး သူငယ်ချင်း ဖြစ်သွားလဲ၊ စဉ်းစားလို့ မရဘူး"

"စရိုက် မတူပေမယ့် ပုံစံချင်းတော့ ဆင်ပါတယ်"

ဝေယံ စိတ်ရှုပ်နေတာကို နေသူရိန်မင်းခန့် သတိထားမိတော့ ပြုံးသည်။ နှုတ်ခမ်းတွေ တွန့်ကွေးသွားသည့် နောက် ပါး နှစ်ဖက်မှာ အချိုင့်ရာ နှစ်ခုက အထင်အရှား ပေါ်လာသည်။

မသိလိုက်ခင်မှာဘဲ နေသူရိန်မင်းခန့် ထိုင်ခုံမှ ထကာ မျက်နှာချင်းဆိုင်မှာ ထိုင်နေသော ဝေယံ၏ ပါးပြင်နုနုကို ငုံ့နမ်းလိုက်သည်။ နေသူရိန်မင်းခန့် နှာဖျားမှာ ဝေယံ့ဆီက ရနံ့ သင်းသင်းလေး တချို့ ပြိုဆင်းလာသည်။

SUN { Season 1 }Where stories live. Discover now