ဇာတ်သိမ်းပိုင်း

Start from the beginning
                                    

"ပျော်လား မိုးဇေ.."

ရှိုင်းညီရဲ့အမေးကို အပြုံးနှင့် ခေါင်းညိတ်ဖြေလိုက်ချိန် ကျွန်တော့်နဖူးကို သူ နမ်းသည်။

"တောင်းပန်ပါတယ်ကွာ။"

ကျွန်တော် နားမလည်။ ခေါင်းမော့ကြည့်တော့ ရှိုင်းညီ မျက်နှာမကောင်း။ ကျွန်တော့်ကိုမကြည့်ဘဲ စီးဆင်းနေသော မြစ်ရေလျဉ်ကို ငေးကြည့်နေသည်။

"ငါတို့နှစ်ယောက် ဒီလို ဆက်နေလို့ မရတော့ဘူး။"

"ဘာဖြစ်လို့လဲ ရှိုင်း။ မင်း ဘာတွေ ပြောနေတာလဲ။"

"ငါ့ကို အိမ်က တားတယ်။ မင်းနဲ့ဆက်မတွဲနဲ့တဲ့။ ငါ စကားနားမထောင်လို့ ပြဿနာတွေတက်တယ်။"

ကျွန်တော်ကိုယ်တိုင် ကြုံခဲ့ရသည့် အဖြစ်အပျက်များဖြစ်သောကြောင့် ရှိုင်းကို ကျွန်တော် နားလည်သည်။ ကိုကိုက တိုးတိုးကြိတ်မှာသည်။ မေမေက မသိမသာ သတိပေးသည်။ ဖေဖေကတော့ ပြင်းပြင်းထန်ထန်။ ဒါပေမဲ့ ကျွန်တော့်ဖက်တွင် ကိုကိုနှင့် မေမေရှိသေးသည်။ ရှိုင်းညီ၏မိသားစုတွင်တော့ တစ်ယောက်မှ သူ့ကိုနားလည်မပေးနိုင်။ ကျွန်တော်ပင် ဒီလောက် အဆူအပြောခံရလျှင် သူသာဆိုလျှင်..

ဆက်မတွေးရဲအောင် ၀မ်းနည်းရသည်။ အားပေးစရာစကားရှာမတွေ့။ နားလည်သွားမှာပါလို့ မနှစ်သိမ့်နိုင်။

"မင်းနဲ့ဆက်တွဲရင် ငါ့ကို ကျောင်းဆက်မထားတော့ဘူးတဲ့ မိုးဇေ.."

ကျွန်တော် ဘာသံမှ မထွက်နိုင်။ ၀မ်းနည်းလွန်းသဖြစ် ဘာပြောရမှန်းပင်မသိ။ ငိုချင်လာတာပဲသိသည်။ ဒီနေ့သည် ကျွန်တော်တို့နှစ်ယောက်ရဲ့ ချစ်သူသက်တမ်းနောက်ဆုံးနေ့လား။ ရှိုင်းညီ ကျွန်တော်နှင့် ဖြတ်နေတာလား။ ဒီလိုမှန်းသိလျှင် ကျွန်တော် မလိုက်လာခဲ့။ ဘာမှလည်း မစားချင်။ ဘာမှလည်းမလိုချင်။

"ငါတို့နှစ်ယောက်ဟာ မျဉ်းပြိုင်နှစ်ကြောင်းပဲ မိုးဇေရာ။ လောကကြီးက သတ်မှတ်ထားသလို ဆွဲခေါ်သလို တည့်တည့်မတ်မတ်သွားရမယ့် မျဉ်းနှစ်ကြောင်းဆုံဖို့ဆိုတာ ဘယ်တော့မှ ဖြစ်နိုင်မှာ မဟုတ်ဘူး။ နောက်ပြီး ဒီလိုမျိုး ပုန်းကွယ်နေရတဲ့ ဘ၀၊ သူများအပြောခံ၊ မိသားစုအငြိုငြင်ခံရတဲ့လူမျိုး ငါ မဖြစ်ချင်တော့ဘူး။ တောင်းပန်ပါတယ်ကွာ။ မင်းကို ငါ ချစ်ခဲ့မိတာ။"

လောင်းရိပ်Where stories live. Discover now