"ဟာ.. မဟုတ်ပါဘူး။"

"ဘာမဟုတ်ဘူးလဲ။ ငါ လာမကြိုနိုင်တဲ့ သုံးလေးရက်အတွင်းမှာတောင်.. မင်းကွာ.. တောက်.."

"ငါ အားနာလို့ပါကွာ။ လာမကြိုပါနဲ့ဆိုတာကို လာကြိုတာ။"

"အားနာလို့ နောက်ကလိုက်လာတယ်ပေါ့။ အဲ့အကောင်ရဲ့ ခါးကိုရော ချမ်းလို့ဆိုပြီး မင်းဖက်ခဲ့သေးလား။"

"ရှိုင်း.. မင်း လွန်လာပြီ။"

ချစ်လွန်းလို့ ခွင့်လွှတ်ပေးနေပါလျက် ရှိုင်းညီ ကျွန်တော့်အပေါ် ရက်စက်လွန်းသည်။ သ၀န်တိုတတ်တာ သိပေမယ့် ဒီလောက်လွန်လာတော့ မွန်းကြပ်လာသည်။ ကျွန်တော် သူ့တစ်ယောက်တည်းကိုသာ ချစ်ပါသည်။ ဒါကို သူ ယုံကြည်အောင် ဘယ်လို ရှင်းပြရမလဲမသိ။ ကျချင်နေသော မျက်ရည်များကို ကျွန်တော် မထိန်းနိုင်။ ကျောခိုင်းထွက်သွားသည့် ရှိုင်းညီကို မတားဖြစ်ခဲ့။

ကျွန်တော့်ဖက်မှ မလွန်ဟု ယူဆခဲ့သောကြောင့် စကားမစဖြစ်။ တစ်ပတ်ခန့်ကြာသည့်တိုင်အောင် တစ်ယောက်နှင့်တစ်ယောက် မခေါ်မပြော ဖြစ်ရပြန်သည်။ ဘေးချင်းကပ်ထိုင်နေကြပါလျက်၊ အသည်းနင့်အောင် ချစ်ကြပါလျက် ဥပေက္ခာပြုချင်ယောင်ဆောင်ရသည်မှာ ပင်ပန်းဖို့ကောင်းသည်။ ထို့နောက်မှာတော့ ရှိုင်းညီ ကျောင်းလာမတက်တော့။ ကြိတ်ပြီး ၀မ်းနည်းခဲ့ရသလို ကြိတ်ပြီးမျှော်ရပြန်သည်။ သူ့ကို ချစ်ရသည်မှာ ပင်ပန်းလိုက်တာဟု မတွေးရက်ပေမယ့် တစ်ခါတစ်ရံ ကျွန်တော် မခံစားနိုင်လောက်အောင် ခံရခက်သည်။

"ကိုမိုးဇေ.."

ရှိုင်းညီ၏ ညီမလေး ကျွန်တော့်အိမ်ရှေ့ရောက်သည်။ ကျွန်တော့်ထက် နှစ်နှစ်နီးပါး ပိုငယ်ပေမယ့် ကျွန်တော့်အရပ်နှင့်မတိမ်းမယိမ်း။

"ကိုကြီးက ကိုဇေ့ဆီက စာဖတ်ချင်တယ်တဲ့။"

"ဟင်.."

"ကိုကြီး ထမင်းမစားဘူး ကိုဇေရ။ စာလေးတစ်စောင်လောက်ဖြစ်ဖြစ် ရေးပေးလိုက်ပါလား။"

ကျွန်တော်တို့နှစ်ယောက်အကြောင်းကို သိနေသည့် ရှိုင်းညီ ညီမလေးက စိတ်ညစ်သလို ခေါင်းကုတ်နေသည်။ ကျွန်တော် သက်ပြင်းချဖြစ်သည်။

လောင်းရိပ်Where stories live. Discover now