နတ်ဆိုးတို့၏ အရှင်သခင်အဖြစ် မွေးဖွားလာခဲ့သူနှင့် လူသားအဖြစ် မလိုချင်မုန်းတီးသူများကြားတွင် ကြီးပြင်းခဲ့ရသည့်သူ။ အစေခံများ၊ အစောင့်ရှောက်များ ခြံရံခဲ့သူနှင့် စားသောက်ဆိုင်တစ်ခု၏ အောက်ခြေသိမ်းအလုပ်သမားဖြစ်ခဲ့သည့် သူ။ ဒန်နရယ်၏ အသက်ကိုကယ်တင်ကာ တစ်လောကလုံး၏ ငြိမ်းချမ်းရေးအတွက် စတေးခံခဲ့သူနှင့် ဒန်နရယ့်ကို သတ်ဖို့ အကြိမ်ကြိမ်ကြိုးစားပြီး မိမိအသက်သေရမည်ကို လက်မခံနိုင်သူ။

အားလက်စ် ရယ်ချင်ပေမယ့် မရယ်နိုင်။ သူ ဖရက်ဒီ့ကို မည်သည့်နေရာတွင်မှ မယှဥ်နိုင်ဆိုတာကို ရှင်းနေသည်။ အသက်ရှင်နေတာသည်ပင် အဓိပ္ပါယ်မရှိ။ သူ ဘာလို့မွေးဖွားလာရသေးတာလဲ။ ဘာလို့ အစွမ်းတန်ခိုးတွေ ရှိနေရတာလဲ။ သူ လိုလည်းမလိုချင်။ လိုလည်းမလိုအပ်။ အားလက်စ်ဆိုသည့်သူအဖြစ် ဘယ်တုန်းကမှ မရှင်သန်ခဲ့လျှင်..

"သခင်လေး.."

ဂေါဒနတ်ဆိုးသည် မရဲတရဲနှင့် အားလက်စ်နားကပ်လာသည်။ အားလက်စ် ကျောက်ဆောင်ကိုမှီရပ်ကာ ရေတံခွန်ကြီး၏ရေမှုန်များကို လှမ်းကြည့်ရင်း အတွေးများကို မောင်းထုတ်နိုင်ရန် ကြိုးစားဖြစ်သည်။

"ဒီနေရာကို သခင်လေး ဘယ်လိုမှတ်မိလဲ။ အရင်ဘ၀က အဖြစ်တွေကို သတိရလာလို့လား။"

အားလက်စ် ခေါင်းခါသည်။ ရိပ်တိတ်တိတ်၊ ၀ိုးတ၀ါး အမြင်တွေရှိသည်။ တစ်ခါတစ်ရံ သူသည် ဖရက်ဒီ၏ ဘ၀အစိတ်အပိုင်းအချို့ကို မြင်ရသည်။ တစ်ခါတစ်ရံ စေတန်၏ အဖြစ်အပျက်တစ်ချို့ကို အမှတ်ရသည်။ မည်သို့ပင် ဆိုစေကာမူ အားလက်စ်အတွက် ထိုအခြင်းအရာများသည် မိမိနှင့်မသက်ဆိုင်သည့် အဖြစ်အပျက်များကို ခပ်‌လှမ်းလှမ်းမှ လှမ်းကြည့်ရသလိုပင်။

သေချာတာဆို၍ တစ်စုံတစ်ယောက်သောသူကို သူ ချစ်မိနေခြင်းသာရှိသည်။ ဒန်နရယ်သည် မိမိထံချဥ်းကပ်ခဲ့သည်မှာ မည်သည့်ရည်ရွယ်ချက်နှင့် ဖြစ်နေပါစေ။ မိမိသည် ဘာဆိုဘာကိုမှ မမြင်နိုင်လောက်အောင် ချစ်နေမိပြီပဲဖြစ်သည်။

မိမိရှေ့တွင် လဲကျနေသည့် ဒန်နရယ့်ကိုမြင်ရချိန် သူ့ရင်ထဲမှာ စိုးကြောက်မိသည်။ မိမိအသက်နှင့်လဲလှယ်ရမည်ဆိုပါလျှင်တောင် ထိုသူ၏ ရှင်သန်ခြင်းကိုသာ လိုချင်ခဲ့မိသည်။ ဒန်နရယ့်ကို ပွေ့ချီကာ ရေကန်နေရာသို့ ပို့ဆောင်ခဲ့စဥ် အနည်းဆုံး ဒန်နရယ်လိုချင်သည်မှာ သူ့အသက်ဆိုလျှင်တောင် သူ့ထံမှ ဒန်နရယ် တစ်ခုခု လိုအပ်သေးသည်ဟု တွေးခဲ့မိသည်အထိ။

Dark AngelWhere stories live. Discover now