Part 32 (U&Z)

6.9K 1.1K 75
                                    

ပင်လယ်လှိုင်းပုတ်သံများနှင့် ရင်းနှီးနေသော ရွာငယ်လေးတွင် အားလက်စ်မြင်ခဲ့သည့် အဖြစ်အပျက်တစ်ခု။ ယခုထက်တိုင် မမေ့နိုင်သေးပါ။ ရွာစွန်ရှိ အမျိုးသမီးတစ်ယောက်၏ အိမ်တွင် ၀က်ခြံတစ်ခုရှိသည်။ သူ့ကိုမုန်းတီးကြသည့် ရွာသားများကြောင့် ရွာနားမကပ်ရဲ။ သစ်ပင်မြင့်မြင့်တစ်ခုပေါ်တက်ကာ ရွာမှကလေးငယ်များ ဆော့ကစားနေသည်ကို ချောင်းကြည့်ရင်း ထိုအမျိုးသမီး၏ ၀က်ခြံကို မြင်ခဲ့ခြင်းဖြစ်သည်။ ၀က်ထီးတစ်ကောင်၊ ၀က်မတစ်ကောင်ဖြစ်သောကြောင့် ၀က်အော်သံများ ဆူညံနေတတ်သည်။ တစ်နေ့မှာတော့ ၀က်သားပေါက်သည်။ ၀က်ပေါက်စလေး ခြောက်ကောင်တွင် နှာခေါင်းဖြူဖြူလေးနှင့် ၀က်အမည်းလေးတစ်ကောင်ပါသည်။ ကျန်၀က်ပေါက်စလေးများမှာ အဖြူနှင့်အမည်းကွက်များဖြစ်သည်။

ထူးထူးခြားခြားဖြစ်သောကြောင့် ၀က်အမည်းလေးကို အားလက်စ် သတိထားမိသည်။ အမျိုးသမီးသည် ၀က်ပေါက်စလေးများကို ဂရုတစိုက် အစာကျွေးသည်။ ရေတိုက်သည်။ ၀က်အမည်းလေးကိုတော့ အချစ်ဆုံးဖြစ်ဟန်တူသည်။ ရင်ထဲတွင်ပွေ့ပိုက်ထားတတ်သည်။ အွက်အွက်ဟုပင် အမည်ပေးထားသည်။

၀က်များကို အပြင်မှာလွှတ်ထားချိန်တွင် အွက်အွက်လေးသည် သူ့အမေနောက်မလိုက်။ အမျိုးသမီးနောက်မှ သစ္စာရှိသော ခွေးငယ်လေးကို တကောက်ကောက်လိုက်သည်။ နှာခေါင်းဖြူလေးဖြစ် အမျိုးသမီးခြေထောက်ကို ပွတ်တိုက်သည်။ အရှိန်နှင့်ပြေးလာပြီး ဦးကင်းနှင့်တိုက်ကာ ဆော့ကစားသည်။ အမျိုးသမီးသည် ရယ်မောကာ ပွေ့ချီချော့မြူပြီး မုန်လာဥနီများကို ကျွေးတတ်သည်။ အခြား၀က်ပေါက်စလေးများ လာတောင်းလျှင် ဘယ်တော့မှ မပေး။ အွက်အွက်လေးကိုသာ အချစ်ပိုသည်ဟု အားလက်စ် ထင်ခဲ့သည်။

အွက်အွက်လေးသည် ကြီးပြင်းလာသည်။ ကိုယ်လေးချိန်ကြီးထွားသော အကောင်ကြီးဖြစ်လာသည်။ ပိုင်ရှင်အမျိုးသမီးအပေါ် ပိုမိုတွယ်တာလာသလိုပင်။ အမျိုးသမီးဘာလုပ်မှ နောက်မှတကောက်ကောက်လိုက်သည်။ လင်မယားရန်ဖြစ်လျှင်ပင် အွက်အွက်ရှေ့မှာ ရန်မဖြစ်ရဲ။ ယောက်ျားဖြစ်သူက လေသံမာမာနှင့်ဟောက်သည်နှင့် အွက်အွက်သည် သခင်မကိုကာကွယ်ရန် နှုတ်သီးထော်ကာ အသံမျိုးစုံပြုရင်း အပြေးလာတတ်သည်။

Dark AngelWhere stories live. Discover now