"တော်တော့ အားလက်စ်။ မင်းဘယ်လိုလုပ်လိုက်တာလဲ။"

"ဒန်နီ.."

"သူ ယုံကြည်တာကို ပြောခွင့်ရှိတယ်။"

"ခင်ဗျား မကြားဘူးလား။ သူက ခင်ဗျားကိုသတ်ဖို့ပြောနေတာ။"

"သူ ဘာပြောပြော မင်းယုံမှဖြစ်မှာ။ မင်းလုပ်မှဖြစ်မှာ။ ကိုယ့်နောက်လိုက်တစ်ယောက်ကို စကားတစ်ခွန်းတောင် ပြောခွင့်မပေးဘူးလား။ မင်း ဘယ်လိုခေါင်းဆောင်လဲ။"

မာထန်နေသော မျက်လုံးပြာများသည် ဒေါသကို ထိန်းချုပ်ထားရဟန်။ အားလက်စ် လက်ကိုပြန်ချလိုက်ကာ စိတ်ကိုလျှော့ချလိုက်သည်။ ယခုအကြိမ်သည် ပထမဆုံးအကြိမ် ဒန်နရယ် သူ့အပေါ် စိတ်ဆိုးဒေါသထွက်ခြင်းဖြစ်သည်။

"မင်း ငါ့ရှေ့ကထွက်သွား.."

အားလက်စ် ခပ်လှမ်းလှမ်းမှ ဂေါဒကို လှမ်းဟောက်လိုက်သည်။ ဂေါဒသည် နေရာမှ ကုန်းထသည်။ လက်တစ်ဖက်သည် သွင်သွင်ကျိုးကြေသွားသောကြောင့် တွဲလောင်းကြီးဖြစ်နေသည်။ ဒန်နရယ့်ကို မုန်းတီး စက်ဆုပ်စွာကြည့်ရင်း မှောင်မိုက်နေရာထဲသို့ ၀င်ရောက်ပျောက်ကွယ်သွားသည်။

"သွားရအောင် အားလက်စ်။"

အားလက်စ်နှင့် ဒန်နရယ်တို့ ပခုံးချင်းယှဥ်ရင်း ရှေ့ဆက်လျှောက်လာခဲ့သည်။ မှောင်မိုက်နေသော အခန်းတစ်ခုထဲတွင် ဖလော်ရာတဖြစ်လည်း ကြောက်ရွံ့စရာ ဘီလူးမသည် ညည်းညူသံကြီးဖြစ် ငိုကြွေးနေသည်။ ဂူနံရံများကို ကုတ်ဖဲ့ကာ သွေးအလိမ်းလိမ်းဖြစ်နေသည်။ အားလက်စ်သည် အခန်းတွင်းသို့ လိုက်မ၀င်။ မမြင်ရက်သလို အကြည့်နှင့်အာရုံကို ထိန်းချုပ်ထားသည်။ ဒန်နရယ် တစ်ယောက်တည်းသာ ၀င်လာခဲ့သည်။

ဒန်နရယ့်ကို မြင်ရချိန် ဘီလူးမသည် မည်းနက်ညစ်ပေနေသော သွားချွန်များပေါ်လာသည်အထိ ပါးစပ်ကိုဖြဲကာ ညည်းညူအော်ဟစ်လိုက်သည်။ ၀ါးလက်စ အရိုးများ၊ ပိုးဟပ်သေများ ထွက်ကျလာသည်။ ဆောက်တည်ရာမရတော့။ မိမိဆံပင်များကို ဆွဲနှုတ်ကာ မျက်နှာကို လက်သည်းချွန်များဖြစ်ကုတ်သည်။ မျက်လုံးနီကြီးများသည် ချာချာလည်နေကာ သံကြိုးများကို ရုန်းဖြတ်ရန် ကြိုးစားနေသည်။

Dark AngelWhere stories live. Discover now