"ရီရာ.. တော်တော့။ မင်း သူ့ကိုအပြစ်တင်မနေနဲ့။ မင်းလက်ခံခံ၊ မခံခံ ဒန်နရယ်က ငါတို့ခေါင်းဆောင်ပဲ။ ဒန်နရယ့်ကို ဆန့်ကျင်တာဟာ ခေါင်းဆောင်ကိုအာခံတာနဲ့ အတူတူပဲ။"

"အာခံတော့ရော ဘာဖြစ်လဲ။ ငါတို့သုံးယောက်လူညီရင် ဒန်နရယ်ဆိုတဲ့ကောင်လည်း ဘာမှမတတ်နိုင်ဘူး။ အရင်ကတည်းက မင်းတို့နှစ်ယောက် ငါ့စကားနားထောင်ရင် ကိစ္စပြတ်နေပြီ။"

"မင်းရဲ့စကားနားထောင်ရင်.. ဟုတ်လား။ မြေနတ်ဘုရား တယ်ရာလိုမျိုး ကိစ္စပြတ်တာကို ပြောနေတာလား။"

ရုတ်တရက် တင်းမာလာသော အခြေအနေကြောင့် နေနတ်ဘုရားသည် ကြား၀င်လိုက်သည်။

"တော်ကြစမ်းပါကွာ။ ဖြစ်ပြီးခဲ့တာတွေ ပြောမနေနဲ့တော့။ အခု ငါတို့ဘယ်လိုဆက်လုပ်ကြမလဲဆိုတာ တိုင်ပင်ရအောင်။"

"ဘာတိုင်ပင်စရာရှိလဲ။ အခု ငါတို့လုပ်ရမှာက ဟိုကောင် အားလက်စ်ကို ရအောင်သတ်ရမယ်။ ဒန်နရယ်၀င်တားရင် သူ့ကိုပါ သတ်ပစ်။ ဒီ့ကောင့်ကြောင့် ငါတို့နတ်ဘုရားတွေ လူတွေကြားထဲ ဘာအစွမ်းမှမရှိသလို လျှို့၀ှက်ပြီးနေနေရတာ ဘယ်လောက်ကြာပြီလဲ။ တောက်.. ငါဆို လူဟန်ဆောင်ရလွန်းလို့ နတ်ဘုရားလို အတောင်ပံတစ်စုံရှိနေတာကို မေ့နေပြီ။ သောက်သုံးမကျတဲ့ကောင်။ သူ ခိုင်းသမျှ လိုက်လုပ်နေရင် ငါတို့အားလုံး ဒုက္ခရောက်ကုန်မယ်။"

လေနတ်ဘုရား၏ ဆန္ဒအတိုင်းသာဆိုလျှင် ဒန်နရယ့်ကို အရင်ဆုံးသုတ်သင်ပစ်ရမည်ပင်။ နေနတ်ဘုရားကတော့ သဘောမတူ။

"ငါတော့ ဒီလိုမထင်ဘူး။ ငါ သိသလောက် ဒန်နရယ်ဟာ သူ့ရဲ့ခံစားချက်တွေကို ဦးစားပေးဆုံးဖြတ်တဲ့ သူတစ်ယောက်မဟုတ်ဘူး။ ဖရက်ဒီတုန်းကတောင် သူကိုယ်တိုင် သတ်ဖို့ ကြိုးစားခဲ့တာပဲ။ ဘယ်လောက်ခက်ခဲတဲ့ကိစ္စဖြစ်ပါစေ လုပ်သင့်တာမှန်ရင် ပြတ်ပြတ်သားသားလုပ်ခဲ့တာချည်းပဲ။ အခု အားလက်စ်ကိစ္စမှာ စေတန်ကြီးစိုးလိမ့်မယ်ဆိုတာကို သူ သိသိကြီးနဲ့ တားနေတာကို ငါ နားမလည်ဘူး။ မင်းကိုသူ ဘာပြောသေးလဲ။"

ရေနတ်ဘုရား အေဒိုသည် ချက်ချင်းမဖြေ။ ပင်လယ်ပြင်လို ပြာလဲ့နေသောမျက်လုံးများသည် ငေးငိုင်နေသည်။ ရေလှိုင်းများသဏ္ဌာန် ပျော့ပျောင်းနူးညံ့သော စိမ်းပြာရောင် ဆံလိပ်နွယ်များသည် ပခုံးနှစ်ဖက်ပေါ် ကျရောက်နေသည်။ ရွှေရောင်လဲ့သော ဆံချည်မျှင်တချို့ကြောင့် တလဲ့လဲ့တောက်ပနေသည်။

Dark AngelWhere stories live. Discover now