"ဒိုဒိုရဲ့ အပြင်စာဆိုတာ အိမ်မှာချက်တဲ့ ထမင်းဟင်းလောက် အာဟာရမရှိဘူး။ ကလေးဆိုတာမျိုးက အာဟာရအပြည့်အဝမရရင် ဉာဏ်မကောင်းတော့ဘူး။ ဉာဏ်မကောင်းရင် စာအကြာကြီး ကျက်ရမှာ။ စာအကြာကြီးကျက်ရရင် ဆော့ချိန်မရှိတော့ဘူးလေ။ ဒိုဒို မဆော့ပဲ နေနိုင်လို့လား။"
"ဟင့်အင်း"
"ဒါဆိုရင် ဉာဏ်ကောင်းအောင် အိမ်မှာ သေချာချက်ထားတဲ့ အစာကို စားရမယ်နော်။ ဟုတ်ပြီလား။ ဒါမှ ဉာဏ်ကောင်းမှာ။ ဉာဏ်ကောင်းရင် စာတွေ မြန်မြန်ရပြီး အကြာကြီး ကစားလို့ရတာပေါ့။"
သျှန်နောင်က လေသံအေးအေးဖြင့် ဖြေးဖြေးချင်းသိမ်းသွင်းလိုက်လျှင်...
"အင်း... ဒါဆိုရင် ကြေးအိုးဆီချက်ကို အိမ်မှာ လုပ်ကျွေးနော်။"
"အင်း... လုပ်ကြွေးမယ်။ မနက်ဖြန်လုပ်ကျွေးမယ်။ ဒေါ်ခူးကို လေးနောင်ကိုယ်တိုင် မှာထားပေးမယ်နော်"
"ဟုတ်"
"ဒိုဒိုက လိမ္မာလိုက်တာ"
သျှန်နောင်က ချစ်စနိုးဖြင့် ဒိုဒို၏ ဆံပင်လေးများကို ပွတ်သပ်ပေးပြီး ထိုင်ရမှ ထလိုက်သည်။ သျှားအိမ်ကတော့ သူ့ချစ်သူနှင့် အင်မတန်မှ အပေါက်အလမ်းတည့်သော တူဖြစ်သူကို ပေစောင်စောင်ဖြင့် ကြည့်ကာ...
"ကဲ... ပြန်ကြစို့။"
"အင်း..."
ထိုစဉ် နောက်ကျောကို တစ်စုံတစ်ယောက်က လာပုတ်သဖြင့် လှည့်ကြည့်လိုက်သော သူနှင့် အရွယ်တူခန့်ရှိမည့် ရုပ်ရည်သန့်သန့်နှင့် အမျိုးသားတစ်ဦး။ တီရှပ်အဖြူနှင့် ဂျင်းအပြာနုရောင်ကို ဝတ်ဆင်ထားပြီး သူ့အား ရင်းရင်းနှီးနှီးပြုံးပြနေသည်။ သျှားအိမ်မှာ ဘယ်သူများလဲဟု အတော်ကြာအောင် စဉ်းစားပြီးမှ....
"ဟာ... ဖိုးပြည့်!"
ဟုတ်ပါသည်။ ဤအမျိုးသားက သူ၏ သူငယ်ချင်းဖြစ်သူ ဘုန်းပြည့်စိုး။
"အဟဲ.... မင်းက High Boss ဖြစ်သွားတော့ ငါ့ကို မမှတ်မိတော့ဘူးပေါ့။"
"မဟုတ်ပါဘူးကွာ။ ငါက မထင်ထားလို့ပါ။ မင်းကလည်း လာမှာကို သတင်းမကြား ဘာမကြားနဲ့။"