"သခင်လေး အရင်ဘ၀ကို မမှတ်မိတာ ကိစ္စမရှိပါဘူး။ နောက်မှ ကျုပ်အားလုံးပြောပြမယ်။ အခု သခင်လေး ခွန်အားတိုးအောင် အစာလာပို့ပေးတာ။ ဒီမှာကြည့် သခင်လေးရ။ ဒီလူ့ရဲ့နှလုံးသားက အခုအချိန်မှာ အရသာအရှိဆုံးပဲ။ သူ ဘယ်လောက်ကြောက်နေလဲ တွေ့လား။ လူသားတွေဟာ ‌ေ၀ဒနာခံစားရလေလေ ကြောက်ရွံ့လေလေ သူတို့နှလုံးသားတွေဟာ ကျုပ်တို့အတွက် အရသာရှိလေလေပဲ။ လာပါ သခင်လေးရ။ စားကြည့်ပါဦး။"

ဂေါဒနတ်ဆိုးသည် ကြမ်းပြင်ပေါ်တွင် ခွေခေါက်နေသူကို လှမ်းကန်လိုက်သည်။ ခြေသည်းချွန်ကြီးသည် ပေါင်မှာစိုက်၀င်နေသောကြောင့် ခြေထောက်ကို ခါထုတ်ပစ်လိုက်သည်။ ဆိုး၀ါးလွန်းသော နာကျင်မှုကြောင့် ဆိုင်ရှင်လူကြီး၏ မျက်နှာမှာ ပြာနှမ်းသွားသည်။ အော်သံသည် အသည်းနှလုံးထဲမှ ထွက်လာသလို။ အားလက်စ်သည် ကျေနပ်စွာပြုံးလိုက်သည်။

"ဘယ်လိုလဲဗျ။ ခင်ဗျားအလှည့်ကျတော့ နာတတ်လား။"

"အား..အားလက်စ်..ကောင်လေး.. ငါ့ကိုကယ်ပါ။ ကယ်ပါ။"

အထစ်ထစ်အငေါ့ငေါ့တောင်းပန်ရင်း ကြမ်းပြင်တွင် တရွတ်တိုက်ဆွဲနေသည်။ သွေးများသည် ကျောက်သားကြမ်းပြင်တွင် အိုင်ထွန်းနေပြီဖြစ်သည်။ လူ့သွေးနံ့ကြောင့် နတ်ဆိုးအားလုံး လှုပ်လှုပ်ရှားရှားဖြစ်နေကြသည်။ သို့ပေမယ့် တစ်ကောင်မှ ရှေ့မတက်ကြ။ အားလက်စ် မည်သို့ပြုမူမည်ကိုသာ စိတ်၀င်တစားစောင့်ဆိုင်းနေကြသည်။

"မမက ခင်ဗျားကိုတောင်းပန်နေခဲ့တယ် မဟုတ်လား။ ခင်ဗျားသနားခဲ့လို့လား။"

အားလက်စ်သည် ခြေရင်းနားရောက်လာသော ဆိုင်ရှင်ခေါင်းပြောင်ကြီး၏ မျက်နှာကို ဖြတ်ကန်လိုက်သည်။ မေးရိုးကျိုးသံနှင့်အတူ ပါးစပ်ကြီးသည် ဆွဲဖဲ့ခံရသလို ဟောင်းလောင်းကြီးဖြစ်သွားသည်။ စကားသံတွေ မပီတော့။ သွေးများပွက်ခနဲ ထွက်လာသည်။

"ကျုပ်ရှေ့က ခေါ်သွားကြစမ်းဗျာ။ ဒီလူကို ခင်ဗျားတို့ ကြိုက်သလိုလုပ်။ ကျုပ်စိတ်မ၀င်စားဘူး။"

အားလက်စ်၏ အမိန့်သံအဆုံးမှာ နတ်ဆိုးသုံးလေးကောင်သည် ၀မ်းသာအားရ ရှေ့တက်လာကြသည်။ ဆာလောင်နေသော မျက်လုံးများသည် လက်လက်တောက်နေသည်။ သို့ပေမယ့် ဂေါဒနတ်ဆိုးသည် မာန်ဖီကာ ထိုနတ်ဆိုးများကို တားဆီးလိုက်သည်။ အပြုံးတုကြီးကိုဖန်တီးပြီး အားလက်စ်နားကပ်လာသည်။

Dark AngelWhere stories live. Discover now