"ဟေ့လူ.. ခင်ဗျား ဘာလုပ်ထားလဲ။ ဖယ်ပေးစမ်း။ ကျုပ်ကို အခုလွှတ်စမ်း။"

အားလက်စ် အားကုန်သုံးကာ မိမိကို အုပ်ကာထားသော ရွှေရောင်အလင်းတန်းများကို ဆွဲဖယ်သည်။

"အ.."

စူးခနဲ ပူလောင်မှုသည် မီးစများကို ဆုပ်ကိုင်ရသလိုပင်။ ထိုအလင်းတန်းများနှင့် ထိတွေ့မိသည့် လက်ဖ၀ါးသည် ရဲရဲနီကာ ဒဏ်ရာကြီးဖြစ်စေသည်။ သို့ပေမယ့် အားလက်စ် မမှု။ အတင်းရုန်းဖယ်သည်။

"ဟေ့လူ.."

ကျယ်လောင်စွာ အော်ခေါ်ပေမယ့် အသိအမှတ်ပြုခံရခြင်းမရှိ။ ရွှေရောင်ဆံပင်များနှင့် လူငယ်သည် မိမိရှေ့မှ လူငယ်နှစ်ယောက်ကိုသာ အာရုံစိုက်ထားဟန်တူသည်။ လေသည် ပြင်းသည်ထက်ပြင်းလာသည်။ အနီးအနားရှိ သစ်ပင်ကြီးများသည် ဟုန်းခနဲ ဟုန်းခနဲ မီးတွေထတောက်လာသည်။ ဒန်နရယ်နှင့် နတ်ဘုရားနှစ်ပါး၏ တန်ခိုးစွမ်းအားများ ပြိုင်ဆိုင်မှုကြောင့် တောအုပ်တစ်ခုလုံး ဖရိုဖရဲဖြစ်နေသည်။ သူတို့အားလုံးသည် မိမိတို့တန်ခိုးအစွမ်းများကို သတိထားထိန်းချုပ်ထားကြသည်။ ဒန်နရယ်သည် အားလက်စ်ကို ကာကွယ်ရန်သာ အဓိကထားနေသလို နတ်ဘုရားနှစ်ပါးသည်လည်း ထိုအကာအကွယ်ကို ပယ်ဖျက်ရန်သာ ကြိုးစားနေခြင်းဖြစ်သည်။ မဟုတ်ပါလျှင် တောင်တစ်ခုလုံး ညက်ညက်ကြေကာ လူပေါင်းများစွာ သေကြေပျက်စီးရမည်ပဲဖြစ်သည်။

"မင်းတို့ သူ့ကိုမထိနဲ့.."

ဒန်နရယ်၏စကားသံသည် ပြတ်သားမာကျောနေသည်။ တောင့်မတ်ထားသော ကိုယ်နေဟန်သည် အရာရာကိုရင်ဆိုင်ရင် ဆုံးဖြတ်ထားဟန်။

"အရှင်.. ကျုပ်တို့ကိုခွင့်ပြုပါ။ ဒီကောင်လေးဟာ သာမာန်လူမဟုတ်ဘူး။"

"မင်းက ငါတို့ထက်ပိုနားလည်ဖို့သင့်တယ် ဒန်နရယ်။ အခု အစွမ်းအကုန်မရှိသေးတာတောင် ဒီကောင်လေးကို ငါတစ်ယောက်တည်း မသတ်နိုင်ဘူး။ အခုမသေရင် နောက်တစ်ချိန်မှာ ဘာဖြစ်လာမလဲ။ မင်းတွေးကြည့်စမ်း။"

"ဟုတ်တယ် အရှင်ဒန်နရယ်။ သူဟာ စေတန်ဖြစ်လာမယ့်သူ။ ကျုပ်တို့နဲ့ပူးပေါင်းပြီး ဒီကောင့်ကို သတ်သင့်တယ်။ ဘာလို့ကာကွယ်ပေးနေတာလဲ။ အရှင်မမြင်ဘူးလား။ ဒီလူတွေအားလုံးကို သူ တစ်ယောက်တည်း သတ်ထားတာ။ အရသာခံပြီး ရက်ရက်စက်စက် သတ်ထားတာ။"

Dark AngelWhere stories live. Discover now