15. နတ်ဘုရားမ!

4.8K 543 3
                                    

"ဒီမှာရေးထားတာ ရုပ်ရှင်မင်းသမီးတစ်ယောက်တဲ့။
ဒါက အလုပ်ကို ထိခိုက်စေမှာလား?"

"မထိခိုက်စေရပါဘူး"
သူမရဲ့ မျက်နှာချင်းဆိုင်မှာ ကိုယ်ရေးအကျဉ်းကို သေသေချာချာ ဖတ်ရှုနေတဲ့လူကို ဟွေ့ရင် ခိုင်မာစွာ ပြောလိုက်တယ်။

သူက ဟွေ့ရင်တိုက်ခန်းနားလေးက ကော်ဖီဆိုင်ပိုင်ရှင်ပဲ။ အလုပ်လုပ်ရတာ အဆင်ပြေစေဖို့အတွက် ဒီနေရာကိုလာပြီး ကံစမ်းဖို့ သူမ ဆုံးဖြတ်ခဲ့တယ်။

ဒီတစ်ခုက တစ်နေ့လည်အတွင်းမှာကို ပဉ္စမမြောက်ဖြစ်နေပြီ။ အချိန်ပိုင်းအလုပ် သွားရှာခဲ့သမျှဆိုင်တွေက ပိုင်ရှင်တွေရော မန်နေဂျာတွေရောက ဟွေ့ရင်ကို တချို့အချက်တွေကြောင့် လုပ်ငန်းအတွက် မသင့်တော်ဘူးလို့ ယူဆကြပုံရပါတယ်။

နေပူပူမှာ အကြာကြီး လမ်းလျှောက်ခဲ့ရတာကြောင့် ဟွေ့ရင် ခေါင်းတောင်ကိုက်လာပြီ။ ဆံနွယ်တချို့က ဂုတ်မှာ ကပ်ငြိနေပြီး အဝတ်အစားက ချွေးတွေကြောင့် အသားနဲ့ကပ်နေတယ်။

ဒီကော်ဖီဆိုင်က လေအေးပေးစက်ရှိပြီး ထိုင်ခုံတွေကလည်း သက်တောင့်သက်သာရှိတာကြောင့် သူမ ခဏနားလို့ရတာကိုပဲ ကျေးဇူးတင်ရမယ်။

ကျန်းဝေဟာ သူ့ရှေ့က အလှတရားရဲ့ ညှို့ယူဖမ်းစားခြင်းကို ခံနေရတယ်။ တကယ်တော့ အင်တာဗျူးနဲ့တူအောင်သာ မေးခွန်းနည်းနည်းပါးပါး မေးနေခဲ့တာ။ ဒီမိန်းကလေး ဆိုင်ထဲဝင်လာကတည်းက သူက လက်ခံပြီးသားပဲ။

ဒီအလှကလေးသာ သူ့ဆီမှာ အလုပ်လုပ်ရင် နေ့တိုင်း မျက်စိအစာကျွေးလို့ရတဲ့အပြင် ဝင်ငွေလည်း ကောင်းလာဦးမယ်။ ဒီနေ့ခေတ်လူ့အဖွဲ့အစည်းက အလှအပကို အရာအားလုံးထက် အလေးထားလာကြပြီ။ ဒါကြောင့် စားသုံးသူနဲ့ တိုက်ရိုက်ထိတွေ့ရမယ့် အလုပ်သမားနေရာကို ရုပ်ရည်ကိုကြည့်ပြီး သူ ရွေးချယ်တာပဲ။

ဟွေ့ရင်ကို လှတယ်လို့ ညွှန်းဆိုရုံနဲ့ မလုံလောက်ဘူး။ ဒါက သူမကို စော်ကားတာပဲ။ သူ့အရှေ့ကမိန်းကလေးဟာ နူးညံ့သိမ်မွေ့လှတဲ့မျက်နှာ၊ ကြယ်လိုလင်းလက်နေတဲ့မျက်ဝန်း၊ ပိုးသားလိုဆံနွယ်၊ ပြီးပြည့်စုံလှတဲ့ ဟန်ပန်...ကျန်းဝေအနေနဲ့ သူမကို ဖော်ပြဖို့ စကားလုံးတစ်လုံးပဲ သုံးချင်တယ်။ နတ်ဘုရားမ!

Revenge Sevenfold {Unicode} [Myanmar Translation]Where stories live. Discover now