"အားရား.. ကိုထက်။ ဖြည်းဖြည်းလုပ်စမ်းပါ။"

ခပ်ဝေးဝေးထိုင်နေရာမှ ရုတ်တရက် ရှေ့သို့ကိုင်းကျလာကာ သူ့ခါးကို လှမ်းဖက်လာသည့် ဆက်ပိုင်ကြောင့် အောင်နိုင်သူတစ်ယောက်လို သူ ပြုံးမိသည်။ ခရီးပေါက်လာသည်နှင့်အမျှ ကတ္တရာလမ်းမရှိတော့ဘဲ ကျောက်ခဲရောသော မြေနီလမ်းသာကျန်တော့သည်။ သစ်လုံးတိုင်များကာထားသည့် ရာဘာပင်များ၊ ဆီအုန်းပင်များမှာ ညီညာသော မျဉ်းလိုင်းကြောင်းများအတိုင်း သပ်ရပ်စွာ ပေါက်ရောက်နေကြသည်။

တစ်ခါတစ်ရံ အိမ်စုအိမ်ဝေးတစ်ချို့၊ ရွာငယ်တစ်ချို့ရှေ့မှ ဖြတ်သန်းလာချိန် ကျောင်းစိမ်းဝတ်စုံများဖြင့် ကျောင်းသူကျောင်းသား ကလေးငယ်များ၊ စက်ဘီးနှင့် စာသင်ကျောင်းသွားနေသည့် ဆရာမများကို တွေ့နေရသည်။ သက်ကယ်မိုး တဲအိမ်ငယ်ကို ပတ်ချာလည်ဝိုင်းပတ်ထားသည့် စိမ်းစိုသော စပါးခင်းများကိုလည်း မျက်စိတစ်ဆုံး လှမ်းမြင်ရသည်။ အစိမ်းရောင်ပင်လယ်ကြားမှ ဆိုင်ကယ်ကို ဖြတ်မောင်းရသလို လှပဆွဲဆောင်မှုရှိလွန်းလှသည့် ကျေးလက်ရှုခင်းများကြောင့် ကြည်နူးစရာအတိဖြစ်သည်။
ပြီးတော့ သူ ချစ်ရသော ဆက်ပိုင်သည် သူနှင့်အနီးဆုံးနေရာမှာရှိနေသည်လေ။

ကြည်လင်သော စမ်းချောင်းတစ်ချို့ကို သစ်သားတံတားငယ်များပေါ်မှ ဖြတ်ကျော်လာခဲ့ကြသည်။ ထားဝယ်မှ စောစီးစွာ ထွက်လာခဲ့သဖြင့် သူတို့နှစ်ယောက်စလုံး မနက်စာပင် မစားဖြစ်ခဲ့သည်မို့ ဆိုင်ကယ်မောင်းနေရာမှ ထက်ပိုင်လှမ်းမေးလိုက်သည်။

"ဆက်ပိုင်...မင်း ဆာနေပြီလား။ ခဏနားရအောင်။"

"အင်း... ရှေ့နားဆိုရင် ထောကျဲရေတံခွန်ရောက်ပြီ။ အဲဒါကျော်ရင် ကျွန်တော့်အသိ အကြော်ဆိုင်တစ်ဆိုင်ရှိတယ်။"

တောင်ကုန်းငယ်တစ်ချို့နှင့် ဝင်းဝါသော စေတီတစ်ချို့ကိုပါ မြင့်တက်လာသော နေရောင်အောက်တွင် တွေ့လိုက်ရသည်။

ထို့နောက်တွင်တော့ ထောကျဲရေတံခွန် ရေလှောင်ကန်ဟူသည့် ဆိုင်းဘုတ်တစ်ခု။

မြင့်မားနက်မှောင်သော ကျောက်ဆောင်ပေါ်မှ ဖြူဖွေးသော ရေတံခွန်စီးကြောင်းတစ်ခု စီးဆင်းနေသည်။ ကျောက်ဆောင်ထိပ်တွင် သပ္ပါယ်လှသော စေတီတစ်ဆူနှင့် အဖြူရောင် အဆောက်အဦးတစ်ခုရှိနေသည်။ အမည်းရောင်ကျောက်ဆောင်၊ အဖြူရောင် ရေစီးကြောင်းနှင့် စိမ်းစိုသော သစ်ပင်ခြုံနွယ်များသည် ကာရန်ညီစွာ လိုက်ဖက်လွန်းလှသည်။ ရေတံခွန်အောက်တွင်တော့ စိမ်းလဲ့ကြည်လင်နေသော ရေကန်တစ်ခုရှိနေသည်။

စည်း (အခန်းဆက်)Where stories live. Discover now