Part 2 (Unicode)

47.2K 3.3K 372
                                    

မြူဖုံးနေသော ထားဝယ်မြို့ပြင်၏ မနက်ခင်းသည် ကဗျာဆန်လွန်းလှသည်။ တိုက်ခတ်လာသော လေပြေအေးက ဂျင်းဘောင်းဘီရှည်နှင့် သားရေဂျာကင်အနက်ရောင် ဆင်တူဝတ်ထားသော ထက်ပိုင်တို့နှစ်ယောက်ကို အေးစိမ့်သွားစေသည်။
ကတ္တရာခင်းထားခဲ့သည်မှာ ကြာပြီဖြစ်၍ မြေမှုန့်များဖုံးကာ မြေလမ်းဟုပင် ထင်ရလောက်သည့် လမ်းရှည်တစ်ခုပေါ်မှာ ထက်ပိုင်ဆိုင်ကယ်ကို ခပ်မှန်မှန်မောင်းလာခဲ့သည်။ သူ့နောက်တွင်တော့ ဆက်ပိုင် ကင်မရာဖြင့် လမ်းဘေးဝဲယာကို တစ်ချိန်လုံး ဓါတ်ပုံရိုက်နေသည်။ ဆီအုန်းပင်များ၊ ရိုးရာ ခြေတံရှည်ပျဉ်ထောင်အိမ်ငယ်များကို တရိပ်ရိပ်ဖြတ်ကျော်လာခဲ့သည်။

"ဆက်ပိုင်.. မင်း ဘက်ထရီ အားကုန်အောင် လျှောက်ရိုက်မနေနဲ့။ ဒီရှုခင်းချည်းပဲဟာ။"

ထက်ပိုင် စိတ်မရှည်စွာ ပြောမိသည်။ ချိုင့်များ၊ စက်ဘီးများ၊ ခွေးများ ရှောင်နေရသည့်ကြားထဲ ဟိုဘက်လှည့်ရိုက်၊ ဒီဘက်လှည့်ရိုက်နှင့် တစ်စက်မှ ငြိမ်ငြိမ်မနေသော ဆက်ပိုင်ကြောင့် မောင်းရသည်မှာ မလွယ်ဖြစ်နေသည်။

"အေးပါဗျာ။ ပြီးပါပြီ။"

အသံခပ်ဆတ်ဆတ်ဖြင့် ဆက်ပိုင်ပြောလာ၍ စိတ်များဆိုးသွားပြီလားဟု စိတ်ပူသွားမိသည်။ သူ လေသံမာသွားသည်ထင်သည်။

"ရိုက်ပါ။ ရတယ်။ ငါ့မှာ ဘက်ထရီနောက်တစ်ခု အပိုပါတယ်။"

သူ့ စကားအဆုံးမှာ ထိုကောင်လေးက တဟားဟား ထရယ်သည်။ သူ ဒေါသမထွက်ဘဲမနေနိုင်။ တစ်ချိန်က အစ်ကိုအကြီးဖြစ်သူနေရာတွင်နေကာ သူ နိုင်ချင်တိုင်းနိုင်ခဲ့သည့်ဆက်ပိုင်ကို အခု သူ မနိုင်တော့။ ခဏခဏ ရယ်လိုက်၊ နောက်လိုက်နှင့် သူ့ကို မလေးမစားလုပ်လွန်းနေသည်။

"ဟေ့ကောင်.."

"ဘာလဲဗျ။ ရိုက်ရမှာလား မရိုက်ရဘူးလား။"

ရယ်သံတစ်ချို့နှင့် ထပ်မေးလာ၍ သူ စိတ်ပိုတိုလာကာ ဆိုင်ကယ်ဘရိတ်ကို ရုတ်တရက် ဖိအုပ်လိုက်သည်။ ဆက်ပိုင် တစ်ကိုယ်လုံး ရှေ့သို့ယိုင်ကာ ထက်ပိုင်ဆောင်းထားသည့် ဆိုင်ကယ်ဦးထုပ်နှင့် တိုက်မိသွားသည်။

စည်း (အခန်းဆက်)Όπου ζουν οι ιστορίες. Ανακάλυψε τώρα