သျှန်နောင်က ပြောပြောဆိုဆို အနမ်းတို့ကို ချစ်သူ၏ နှုတ်ခမ်းချိုချိုတို့ပေါ်သို့ ချွေလိုက်သည်။
"ချစ်တယ် မောင်"
"အင်း... ချစ်တယ်"
သူ့အား ခေါင်းစုတ်ဖွားဖြင့်ကြည့်နေသော ထိုအမျိုးသားငယ်လေး၏ ခေါင်းကို ချစ်စနိုးဖြင့်ဆွဲဖွလိုက်ပြီးလျှင်....
"သွားပြီ..."
"နေဦး"'
သျှားအိမ်က သျှန်နောင်၏ လက်ကို ဖမ်းဆွဲကာ မျက်နှာခြင်းကပ်လုနီးပါးအထိ ချစ်သူ၏ ခန္ဓာကိုယ်ကို ညှင်သာစွာ ဆွဲယူလိုက်ပြီး အနမ်းရင့်ရင့်တချို့ ပြန်လည်အပ်နှင်းလိုက်သည်။ ထို့နောက် ချစ်သူ၏ ပါးပြင်ကို အမြတ်တနိုးဖြင့် ပွတ်သပ်ကာ...
"ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နော်။ ကြားလား။"
"ဟုတ်"
သျှန်နောင် လိမ္မာစွာ ခေါင်းညိတ်ပြလိုက်သည်။ထို့နောက် အိမ်မှထွက်ကာ ဆေးရုံဆီသို့ ဦးတည်ကာ မောင်းခဲ့တော့သည်။ မနက်ဝေလီဝေလင်းမို့ ဖြစ်မည်ထင်၏ လမ်းများက စိတ်ချမ်းသာဖွယ်ကောင်းအောင် ရှင်းလင်း၍ နေသည်။ သို့သော် သူ့စိတ်တို့က မအေးချမ်းနိုင်။ သူ့ဆိုင်ကို မီးရှို့ရန် ကြံစည်ရဲသူရှိကြောင်း လောလောလတ်လတ် သိထားသည် မဟုတ်လား။ ဤသို့ ကြံစည်ဝံ့သူမှာ ဦးမြတ်ဘုန်းလျှံမှ လွဲ၍ တခြားမဖြစ်နိုင်မှန်း သူသိနေသည်။ ကြည့်ရသည်မှာ ဝင်းထွတ်ကို ကိစ္စတုံးလိုက်သည့်အကြောင်းကို သိသွားပုံရသည်။ ထို့‌ကြောင့် လက်စားချေသည့်အနေဖြင့် သူ၏ ရွှေနယားကို မီးနှင့်တိုက်ရန် လူလွှတ်လိုက်ခြင်းဖြစ်ပေလိမ့်မည်။
သူ ဆေးရုံ အရေးပေါ်အခန်းထဲရောက်တော့ မမိုးက ရောက်နှင့်နေပြီဖြစ်သည်။ ကိုတိုးက ဖြစ်သမျှကို သူ့အား တကျော့ပြန်၍ ပြန်ပြောင်းပြောပြရှာသည်။
"... လူနှစ်ယောက် အစ်ကိုကြီး။ အနက်ရောင် ကိုယ်ကျပ်ဝတ်စုံနဲ့။ ဆိုင်အနောက်ဘက်က gas tankတွေထားတဲ့နေရာမှာ တိုးတိုးနဲ့ တခုခုလုပ်နေတာတွေ့ ကျွန်တော်က လက်နှိပ်ဓါတ်မီးနဲ့ထိုးပြီး... ဘယ်သူလဲ မေးလိုက်တာ တစ်ယောက်က ကျွန်တော့်ကို ဓါးနဲ့ ပြေးထိုးတယ်။ ကျွန်တော်က လက်နဲ့ ခံပေးလိုက်တော့ ကျွန်တော့်လက်ဖျံကိုပဲ ထိသွားတယ်။"