"မိုင်းမိုင်... မိုင်းမိုင်..."
သြရှရှ အသံတစ်ခုက သူ့နားစည်ကို ရိုက်ခတ်လာသည်။ တချိန်တည်းမှာ နွေးထွေးသော လက်တစုံက သူ့အား ထွေးပွေ့ထားသည်။ ထိုအတွေ့အထိက ကိုကြီး၏ အတွေ့အထိတို့နှင့် များစွာခြားနားလှ၏။ တဏှာပေမ ကင်းစင်သော ချစ်ခြင်းမေတ္တာတို့ဖြင့် ထုံမွှန်းနေသော ထိုအတွေ့အထိသည် သူ့အား လုံခြုံမှုနှင့် ငြိမ်သက်စေပါ၏။
"မိုင်းမိုင်.... စိတ်ကိုလျော့ စိတ်ကိုလျော့လိုက်..."
ဒါ လေးနောင်၏ အသံပဲ။ ဟုတ်သားပဲ။ သူ့မှာ နွေးထွေလုံခြုံရာကိုပေးနိုင်သည်ံ လေးနောင် ရှိသေးတာပဲ။
"စိတ်ကိုလျော့ပြီး အသက်ရှူ..."
သူ ကြိုးစားပါသည်။ စိတ်ကို ဖြေလျော့ရန် အသည်းအသန်ကြိုးစားပါသော်လည်း မရပြီ။ ထိုဆို့နင်ခြင်းက ပို၍ပင်ကြီးထွားလာသည်။
"မိုင်းမိုင်... စိတ်ကိုလျော့...။ အသက်ကို ဖြေးဖြေးချင်းရှု။"
သျှန်နောင်မှာ မိုင်းမိုင်အား ပွေ့ထားရင်းမှ သတိပေးလိုက်သည်။ ထို့နောက် အနီးရှိ ဟန်သိုကို ရေတစ်ခွက် ခပ်ခိုင်းပြီး ရေခွက်ကို မိုင်းမိုင်၏ နှုတ်ခမ်းနားတေ့ပေးကာ...
"မိုင်းမိုင် သောက်လိုက်...။ ဖြေးဖြေးသောက်"
မိုင်းမိုင်က သူပြောသည့်အတိုင်း ရေခွက်အတွင်းမှ ရေကိုနှုတ်ခမ်းဖြားဖြင့် အနည်းငယ် စုပ်ယူကာ သောက်လိုက်သည်။ ထို့နောက် မင်းဝဋ္ဌာ၏ တပည့်ထဲမှ တစ်ဦးက ရှုဆေးကမ်းပေးလာသေည်။ သျှန်နောင်လည်း ထိုရှုဆေးကို မိုင်းမိုင်၏ နှာခေါင်းအဝတွင် တေ့ပေးလိုက်သည်။ ဟန်သိုက ဘေးမှထိုင်ကာ ယပ်ခတ်ပေးရှာသည်။ သိပ်မကြာခင်မှာပင် ထိုကောင်လေး ထူထူထောင်ထောင်ဖြစ်လာတော့သည်။ ထိုအခါမှ သူ့မှာ သက်ပြင်းချနိုင်တော့သည်။ သို့သော် အလှူမပြီးမချင်း မိုင်းမိုင်အား မျက်စိအောက်မှ အပျောက်မခံဝံ့တော့။
ဇေယသွေးမှာ သျှန်နောင်တို့ တူဝရီးကိုကြည့်ကာ ခေါင်းတခါခါ။ မင်းဝဋ္ဌာကတော့ ထိုကောင်လေးအတွက် စိတ်မကောင်း။ ချစ်ရသူနှင့် သေကွဲကွဲခြင်းဒဏ်ရာကို လူးလှိမ့်ကာ ခံစားရဦးမည်။