"ဒီက ညီမတို့ ဘေးလေးနည်းနည်းလောက်။ ပူမှာစိုးလို့..."
အစောက အသံတဆာဆာနှင့် အုပ်စုမှာ ခပ်သြရှရှအသံနှင့်အတူရောက်လာသည့် ဟင်းရည်လိုက်ပွဲလိုက်ပေးနေသော အမျိုးသားကြောင့် မီးကိုရေနှင့်သတ်လိုက်သလို ရှဲခနဲငြိမ်ကျသွားသည်။ လက်မောင်းအထိ ခေါက်တင်ထားသော အဖြူရောင် လည်ထောင်ရှပ်အင်္ကျီလေးနှင့် အနက်ရောင် ယောလုံချည်ကို ရိုးရိုးယဉ်ယဉ် ဝတ်ဆင်ထားသော အဆိုပါအမျိုးသားသည် လူတိုင်း၏ စက္ခုအာရုံကို ဖမ်းစားနိုင်သည်အထိ လှပကာ ဆွဲဆောင်အား ကောင်းလွန်းပါသည်။ စားပွဲရှိ လူအားလုံး၏ မျက်လုံးများက ထိုသူ့ထံတွင်သာ ဝဲနေသော်လည်း ထိုသူကတော့ အနှောင့်အယှက်ဖြစ်ဟန် စိုးစင်းမျှပင်မရှိ။ သူလုပ်စရာရှိသည့် ဟင်းရည်ထည့်ခြင်း အလုပ်ကိုသာ ပြီးမြောက်အောင် လုပ်ဆောင်လျှက် အခြားဝိုင်းသို့ ထွက်သွားတော့သည်။
"ဟဲ့... ဇူးဇူး... နင်ကလည်း နေနိုင်လိုက်တာ။ ငါတို့ကို နင့်အမျိုးသားနဲ့တော့ မိတ်ဆက်မပေးဘူး။"
မိနေနေဆိုသော အမျိုးသမီးက မေဇူးမောင်ကို ပြောလျှင် မေဇူးမောင်မှာ သက်ပြင်းချကာ...
"မိတ်ဆက်ပေးရအောင် သူမှမရှိတာ"
တကယ်လည်း အိမ်မှာမရှိ။ မနေ့ကတည်းက အလုပ်ကို အကြောင်းပြသည်လား၊ တကယ်လားမသိ။ အိမ်မပြန်လာ။ ယနေ့ အလှူအမှီလာမည်ဟုတော့ဆိုသည်။ ဦးပဥ္စင်းများကို ပြန်ပို့ပေးသည့် သျှားအိမ်ပင် ပြန်လာပြီ။ ထိုလူကတော့ အရိပ်အယောင်မျှပင် မတွေ့သေး။ မည်သို့ဖြစ်စေ ထိုသူရှိခြင်း၊ မရှိခြင်းသည် သူမအတွက် ပြဿနာမဟုတ်။ မရှိလေ ကောင်းလေပင်။ ထိုသူကလည်း ရန်ကုန်ရောက်ကတည်းက သူမအား ရှောင်ဖယ်ရှောင်ဖယ်ရယ်။ ကြည့်ရသည်မှာ ရည်းစားဟောင်းနှင့် ပြန်ပေါင်းထုတ်နေတာလား မသိ။ ပြန်ပေါင်းထုတ်လည်း သူမ ဂရုမစိုက်ပါ။
"ဟဲ့... အဲ့ဒီ့ တစ်ယောက်က နင့်‌ယောက်ျား မဟုတ်ဘူးလား။"
မေဇူးမောင်မှာ သူငယ်ချင်းမမတို့၏ မေးဆတ်ပြသော လူကို ကြည့်ကာ မျက်လုံးပြူးမျက်ဆံပြူးဖြစ်သွားရပါသည်။ ထိုသူက အစောက ဟင်းရည်လာထည့်ပေးသော သျှန်နောင်!