ဟိုလူကလည်း ဟိုလူ။ Body fit shirt ဆင်စွယ်ရောင်လေးက ကျယ်ပြန့်သော ပုခုံးနှင့် ရင်အုပ်အပြင် သွယ်လျဟန်ရှိသော်လည်း တောင့်တင်းချပ်ရပ်လှသော ခန္ဓာကိုယ်ကို အသေးစိတ်ဖော်ပြနေသလို၊ ကာကီရောင် slim fit dress pants က ကျစ်လစ်သော တင်သားလုံးလုံးလေးနှင့် ရှည်လျားလှပသော ခြေတံကို ပို၍ မြင်သာစေသည်။ ဒီကြားထဲ လှိုင်းပြေပြေလေး ဝဲနေသော ပိတုန်းရောင် ကေသာကို ကပိုကရိုဟန်ဖြင့် နောက်သို့ သပ်တင်ထားသည်မှာ ထောင့်ကျသော်လည်း သွယ်လျသောမေးရိုးနှင့် ဖြောင့်စင်းသောနှာတံမြင့်မြင့်တို့ကို ပို၍ ထင်ရှားစေသည်။ ဒီလောက်ကြီး အမေပေးသမျှ ပစ္စည်းအကုန်ချပြမှတော့ ဘယ်သူမဆို သာဓုခေါ်ကာ ရလျှင်ရသလို ကြည့်တော့မှာပေါ့။ ဘယ်လိုတွေဖြစ်လို့ ဒီနေ့ကျမှ ဒီလိုတွေ ဝတ်လာမှန်းမသိ။
သျှန်နောင်မှာ သူ့ကိုကြည့်နေရာမှ မျက်မှောင်ကြုတ်ကာ မျက်နှာလွှဲသွားသော သျှားအိမ်ကြောင့် စိတ်ထဲ နေမထိထိုင်မသာဖြစ်ရပါသည်။ သူများ အမှားတစ်ခုခုလုပ်မိလို့လားဟု တွေးလိုက်ပါသေးသည်။ သို့သော် အဖြေရှာမရပေ။ ထိုစဉ် သျှားအိမ်က ကော်ဖီဗန်းဖြင့် သူ့ဘေးခုံတွင် ဝင်ထိုင်လာသည်။
သျှားအိမ် ပန်းကန်များကို ချပေးလိုက်လျှင် သျှန်နောင်က ကော်ဖီခွက်ကို ဦးစွာ ကောက်ကိုင်ကာ တစ်ငုံငုံပြီး အရသာခံနေသေးသည်။ ပြီးမှ သျှားအိမ်နှင့်အတူ မနက်စာကို လက်စုံစားသည်။ သျှားအိမ်ကမူ စားနေရာမှ အလင်္ကာကို မသိမသာ အကဲခတ်လိုက်သည်။ အလင်္ကာကတော့ သိဟန်မတူ မျက်နှာချင်းဆိုင်မှ သျှန်နောင်ကိုသာ ကြည့်နေသည်။
သျှန်နောင်မှာ သျှားအိမ်၏ စားနှုန်း ပုံမှန်ထက်နှေးနေသည်ကို သတိပြုမိသဖြင့် ဘာဖြစ်လို့လဲဟု တစ်ချက် အကဲခတ်လိုက်သည်။ ဤတွင် လွန်းအိမ်ပုံ မျက်ဝန်းတို့၌ စိတ်အနှောင့်အယှက်ဖြစ်နေသည့်အရိပ်အယောင် တစ်စွန်းတစ်စကို တွေ့လိုက်ရသည်။
"ကိုသျှားအိမ်..."
သျှန်နောင်၏ တိုးညှင်းသော အသံကြောင့် သျှားအိမ် လှည့်ကြည့်လာသည်။
"ခင်ဗျား စိတ်အနှောင့်ယှက်ဖြစ်စရာတစ်ခုခုများရှိလားဟင်။"