"မသူသူ ကျွန်တော်နားမလည်တာ တစ်ခုရှိတယ်။ ဘာလို့ တောင်းပန်ချင်တဲ့လူက ကျွန်တော့်ရှေ့တည့်တည့်မှာ အေးအေးလူလူ ထိုင်နေပြီး... သူ့ရဲ့ အမှားအတွက် နောက်တစ်ယောက်ကို လာပြီးတောင်းပန်ရတာလဲ။ နောက်ပြီး မသူသူတို့ဘက်က တကယ်တောင်းပန်ချင်ရင် တောင်းပန်သင့်တာ ကျွန်တော်တစ်ယောက်တည်း မဟုတ်တာ မသူသူလည်း သိမယ်ထင်ပါတယ်။"
သျှားအိမ် တည့်တည့်ကြီးကို ပြောလိုက်ပါသည်။ ယောက်ျားမဆန်တာတွေ၊ မိန်းမလို မိန်းမရဆန်တာတွေ သူမသိပါ။ ပြောချင်ရာပြော၍ ထင်ချင်သလိုသာ ထင်ကြပါစေ။ သူ ဂရုမစိုက်ပါ။ သူ မှန်သည်ထင်သည့် ကိစ္စဆိုလျှင် တစ်လောကလုံးနှင့်ပင် ဖက်ငြင်းရပါစေ သူငြင်းမည်သာ။
သူသူ ဘာပြောရမှန်မသိစွာ ဆွံ့အသွားစဉ် မိတ်ကပ်ဆရာမှ ခေါ်လာသဖြင့် သူနားမှ ထွက်ခွာသွားတော့သည်။ တစ်ချိန်တည်းမှာလိုပင် တံခါးမှ ခေါင်းလောင်းသံ လွင်လွင်လေးနှင့်အတူ နတ်သားတစ်ပါး၏ ပုံရိပ်က သူ၏ စက္ခုအာရုံထဲသို့ တစ်လှမ်းချင်းဝင်ရောက်လာသည်။ အကျိုးဆက်အဖြစ် ပျော်ရွှင်မှုတစ်ခုက သူ့နှလုံးသားကမ်းပါးကို မြစ်တစ်စင်းကဲ့သို့ တိုက်စားသွားတော့သည်။
"မင်္ဂလာပါ ကိုသျှားအိမ်..."
"မင်္ဂလာပါဗျာ..."
သျှန်နောင်၏ တောက်ပသော အပြုံးတို့က သျှားအိမ်အတွက်တော့ နေ့စဉ်သောက်သုံးနေရမည့် မရှိမဖြစ် အားဆေးတစ်ခွက်။ သူ ပြန်ပြုံးပြလိုက်ပြီး sandwich အချို့နှင့် salad ကို ပြင်ဆင်ကာ ဗန်းပေါ်တင်လိုက်သည်။ ထို့နောက် ကော်ဖီဖျော်သည်။ ထိုသို့ဖျော်နေစဉ် ထိုလူကို ခိုးကြည့်လိုက်ပါသည်။ ထိုလူက ကလေးတစ်ဦးပမာ ဟိုကြည့်ဒီကြည့်နှင့် ရုပ်ရှင်အဖွဲသားများကို စူးစမ်းနေရာမှ သူကြည့်သည်ကို မြင်လျှင် အပြုံးချိုချိုတစ်ခုဖြင့် တုန့်ပြန်လာတော့သည်။ သျှားအိမ်မှာ ဆယ်ကျော်သက်တစ်ဦးလို ရင်ထဲ သိမ့်သိမ့်လှုပ်ခါသွားရပါသော်လည်း မျက်ထောင့်မှ တွေ့လိုက်ရသော အခြားယောက်ျားသားတစ်ဦး၏ အကြည့်ကြောင့် ကြည်နူးမှုများမှာ အငွေ့ပင်မကျန်အောင် ပျောက်ကွယ်သွားတော့သည်။ ဘယ်သူများလဲလို့ကြည့်လိုက်တော့ ခေါင်းဆောင်မင်းသားဖြစ်သူ အလင်္ကာ!!! သျှန်နောင့်ကို ကြည့်နေသည်မှာများ ရုပ်ပျက်ဆင်းပျက်။