"ဟင့်အင်း။ ပြဿနာတစ်ခုပဲရှိတယ်။ ဒီလိုနေ့မျိုးဆို နေ့လယ်စာ စောစောစားမှ အဆင်ပြေတယ်။"
သျှားအိမ် နားလည်စွာ ခေါင်းညိတ်လိုက်ပါသည်။ သူလည်း ဒီပြဿနာရှိလေသည်။ ဤသို့ အနောက်တိုင်းဆန်ဆန် မနက်စာသည် မနက်စာ Heavy စားကျင့်ရှိသော သူ့အတွက် အစာမခံပါ။ ထို့ကြောင့် စောစောစီးစီး ဗိုက်ပြန်ဆာလေ့ရှိသည်။
"ကျွန်တော့် ဆိုင်မလာဖြစ်တဲ့ နေ့တွေကော?"
"တခါတလေ တူလေးက အပြင်က မြန်မာမုန့်တွေ... ဥပမာ... အသုပ်တို့၊ မုန့်ဟင်းခါးတို့ ဒီနားလေးက ဈေးကဝယ်လာပေးတယ်။ တခါတလေလည်း အိမ်က ဝေယျာဝစ္စတာဝန်ယူတဲ့ ဒေါ်ခူးလုပ်ပေးတယ်။ အများအားဖြင့် ထမင်းကြော်ပေါ့။"
"ဪ... ဪ..."
"ခင်ဗျားကော ဆိုင်မှာပဲတောက်လျှောက်စားနေရတာ မပျင်းဘူးလား။"
"အင်း... ဒါကြောင့် ခင်ဗျားကို မေးတာ။"
"ဒါဆိုလည်း တစ်နေရာသွားစားလေဗျာ။ ဒီနားလေးမှာ အသုပ်ကောင်းကောင်းရတဲ့ ဆိုင်လေးရှိတယ်။ မုန့်ဟင်းခါးလည်း ရတယ်။ ဒါပေမယ့် ကျွန်တော်က မုန့်ဟင်းခါးထက် အသုပ်နဲ့ အုန်းနို့ခေါက်ဆွဲပဲပိုကြိုက်တယ်ဗျ။"
"ကျွန်တော်ရောပဲ။ အသုပ်မစားရတာကြာပေါ့။"
"ဒါဆို နောက်နေ့သွားမလား။ ကျွန်တော် ဒကာခံပါ့မယ်။"
သျှားအိမ် ခေါင်းညိတ်ပြလိုက်လျှင် သျှန်နောင်က...
"ဒါဆို ကျွန်တော် ကော်ဖီပါဆယ်ဆွဲရလိမ့်မယ်။"
သျှားအိမ်က သျှန်နောင်၏ တွေးတွေးဆဆအပြောကြောင့် ကျေနပ်စွာပြုံးမိတော့သည်။ သူ့ နှလုံးသားပိုင်ရှင်က အနည်းဆုံးတော့ သူ၏ချစ်ခြင်းမေတ္တာများဖြင့် ဖျော်စပ်ထားသော ထိုကော်ဖီကို မက်မက်မောမောရှိသည်မှာ သူ့အတွက်တော့ ကောင်းချီးမင်္ဂလာတစ်မျိုးပင်။
"အာ... ၈နာရီခွဲသွားပြန်ပြီ။"
အကုန်မြန်လွန်သော အချိန်တို့ကြောင့် သျှန်နောင် မကျေမနပ်ဖြင့် ရေရွတ်လိုက်သည်။
"သွားတော့မလို့လား ကိုသျှန်နောင်"
ညိုးနွမ်းသွားသော သျှားအိမ်၏ မျက်နှာကြောင့် သျှန်နောင် လေးဖင့်စွာထလိုက်ပါသည်။ ထိုမျက်နှာချောချောတွင် ဤသို့နွမ်းလျသော အရိပ်ထင်တိုင်း သူထံတွင် အပြစ်ရှိသလို ခံစားရသည်။