သျှားအိမ် ကားကို parking lot ထဲ မောင်းဝင်လာတော့ ၈ နာရီခွဲပြီဖြစ်သည်။ မြင်နေကျ ကားအနီလေးတော့ မရှိ။ သူများမလာဘူးလားဟု တွေးမိ၍ ဆိုင်ထဲဝင်ဝင်ခြင်း ဟိုဟိုဒီဒီရှာမိတော့ ထိုင်နေကျစားပွဲပေါ်တွင် ကျန်ခဲ့သော စားကြွင်းစားကျန်များသာ တွေ့တော့သည်။
"နှင်းနှင်း ကိုသျှန်နောင်လာသွားသေးလား။"
နှင်းနှင်းနောက်ထဲမှ ထွက်လာသည်ကိုမြင်လျှင် သျှားအိမ် စားလက်စ အကြွင်းအကျန်များကို လက်ညိုးထိုးပြကာ မေးလိုက်သည်။
"ဟုတ်... ခုနကပဲ ပြန်သွားတယ်။ နှင်း နောက်မှာအလုပ်ရှုပ်နေတာနဲ့ ပန်းကန်တောင်မသိမ်းရသေးဘူး။"
သူရင်ထဲတွင် လစ်ဟာသွားသလို ခံစားလျက်နှင့်အတူ ကိုယ့်ကိုယ်ကိုယ်လည်း မကျေနပ်။ သူနောက်ကျသွားပြီမဟုတ်ပါလား။
"နေနေ ငါသိမ်းလိုက်မယ်။"
စားပွဲပေါ်မှ sandwich အပိုင်းအစများနှင့် ထိထားဟန်ပင်မတူသော ကော်ဖီတစ်ခွက်က သျှားအိမ်ကို မျက်မှောင်ကြုတ်မိစေသည်။ ဒီလူ ဘာမှလည်း ဟုတ်တိပတ်တိ စားမသွား။ ကော်ဖီလည်း သောက်မသွား။ ကိုယ့်အစာအိမ်မှ ကိုယ်မညှာ။ မနက်စာသည် အရေးအကြီးဆုံးဖြစ်သည်ကို ဒီလူမသိဘူးလားမသိ။ သူစိတ်ပျက်ပျက်ဖြင့် ခေါင်းခါလိုက်သည်။ ဘာလိုဖြစ်၍ ဒီလူ ဗိုက်ပြည့်ခြင်း၊ မပြည့်ခြင်းကို မိမိကိစ္စတခုလို ပူပင်နေမှန်းမသိ။
'သျှားအိမ်ရေ မင်းဘာတွေဖြစ်နေတာလဲကွာ။'
-------------
သျှန်နောင်ကားကို တက္ကသိုလ်ရိပ်သာလမ်းထဲ ချိုးဝင်ပြီးသည်နှင့် မြင်လိုက်ရသော ခြံဝင်းကြီးရှေ့တွင် ကားကိုရပ်လိုက်သည်။ ထို့နောက် သူ့ထံလျှောက်လာသော လုံခြုံရေးဝတ်စုံနှင့် လူတစ်ဦးကို လှမ်းကြည့်လိုက်သည်။ ထိုလူက သူ့ကိုမြင်သည်နှင့် အားပါးတရပြုံးကာ...
"အစ်ကိုပါလား။ ဘာကိစ္စလဲ။"
"အစ်ကိုကြီး ခေါ်ထားလို့လေကွာ။"
"ဪ... ခဏလေး ကျွန်တော် တံခါးဖွင့်ပေးမယ်။"
အစောင့်ကောင်လေး တံခါးဖွင့်ပြီးပေးသည်နှင့် ထိုကောင်လေးကို ကျေးဇူးတင်ကြောင်း လက်ပြကာ ကားလေးကို မောင်းကာ ခြံထဲသို့ ဝင်ခဲ့တော့သည်။ ကျယ်ပြောလှသော ခြံကြီး၏ အလယ်ရှိ နန်းတော်တမျှခမ်းနားသောအိမ်ကြီးကို မြင်လျှင် သက်ပြင်းချလိုက်မိသည်။ ဒီတစ်သက် ဤနေရာကို ခြေပြန်မချတော့ဟူသော လွန်ခဲ့သော ၄ နှစ်က သူ၏ ဆုံးဖြတ်ချက်သည်ကား ဒီနေ့တွင် ပျက်ပြယ်သွားချေပြီ။