"ဪ"
"ကိုသျှန်နောင်ရော ဒီနေ့ဆိုင်မသွားဘူးလား။"
"မနက်က ဝင်ခဲ့ပြီးပြီ။ ကျွန်တော့်မိတ်ဆွေတစ်ယောက်အတွက် လက်ဆောင်လာဝယ်ရင်း ဒီပြခန်းကို တွေ့လို့ဝင်လာတာ။ ဟိုကြည့်ဒီကြည့်လုပ်ရင်း ကိုသျှားအိမ်ကို တွေ့လို့ လာနှုတ်ဆက်တာ။"
'လာနှုတ်ဆက်သည်' ဟူသော စကားကြောင့် သျှားအိမ် ကျေနပ်မိပါသည်။ ဤအမျိုးသားသည် သူ့အား အတိုင်းအတာတစ်ခုထိ အသိမှတ်ပြုသည်ဟု အဓိပ္ပာယ်သက်ရောက်သည် မဟုတ်ပါလား။
"ကိုသျှန်နောင်က ပန်းချီတွေကို စိတ်ဝင်စားတာလား။"
"အင်း ဆိုပါတော့ဗျာ။"
သျှန်နောင် ခေါင်းညိတ်ပြလိုက်ပါသည်။
"ကိုသျှားအိမ်ကကော။"
"အဟဲ.... ကျွန်တော်က ပန်းချီနဲ့ ပတ်သက်ရင် မျဉ်းတောင် ကောက်မှန်းဖြောင့်မှန်း မသိဘူးဗျ။"
သျှားအိမ်က ရယ်ကြဲကြဲနှင့် ဆိုလာလျှင် သျှန်နောင်မှာ သ‌ဘောကျစွာဖြင့် ဟက်ခနဲရယ်ကာ...
"ကျွန်တော် နားလည်ပါပြီဗျာ။ ကျွန်တော်ကြည့်နေတာ ကြာပြီ...။ ဒါကြောင့် ခင်ဗျား ခိုးလို့ခုလု မျက်နှာနဲ့ ထိုင်နေတာကိုး။"
"ကိုသျှန်နောင် ဘယ်တုန်းထဲက ကြည့်နေတာလဲ။"
သျှန်နောင်မှာ သူ့စကားမှားသွားမှန်းသိလိုက်သော်လည်း မမှီတော့။ သူ၏ အပြုအမူတစ်စိတ်တပိုင်းကို တဖက်လူ သိသွားလေပြီ။ အမှန်ဆိုရလျှင် သူဤ ပြခန်းသို့ ဝင်လာသော အဓိကအကြောင်းအရင်းမှာ သျှားအိမ်ကို မြင်လိုက်သောကြောင့်ဖြစ်သည်။ တဖက်မှဆိုရပါလျှင် ဂျင်းဘောင်းဘီနှင့် T-shirt အဖြူလက်ရှည်ကို လက်ခေါက်ပြီးဝတ်ဆင်ထားသော အရပ်မြင့်မြင့် ရင်အုပ်ကျယ်ကျယ်နှင့် ချောမောလှပသော ထိုအမျိုးသားကို မည်သူမဆို သတိမထားပဲနေမည်မှ မဟုတ်ပဲ။
"အင်း...."
ထိုစဉ် ဖုန်းမြည်သံကြောင့် သျှန်နောင်မှာ မေခလာနတ်သမီးကို တွေ့လိုက်ရသလို ဝမ်းသာအားရဖြင့် ခေါ်သူကိုကြည့်လိုက်ပါသည်။ ခေါ်သူမှာ လက်ထောက်ဖြစ်သူ ချူးဝေဖြစ်နေသည်။ ထို့ကြောင့် ဖုန်းကို ချက်ချင်းပင် ကောက်ကိုင်လိုက်ရသည်။