ညစ်ထေးပေရံကာ စုတ်ပြတ်သက်နေသော အ၀တ်အစားများနှင့် ရွာထဲဝင်လာသော လူငယ်နှစ်ယောက်ပုံရိပ်ကို သူတို့ ကောင်းကောင်းမှတ်မိသည်။ ထိုနေ့ကလည်း ယနေ့ နေ့လယ်ခင်းလိုပင်။ ပူပြင်းသောနေရောင်မှ လွတ်ကင်းအောင် ရွာသားအားလုံး အိမ်ငယ်များအတွင်းမှာ အနားယူနေချိန်ပင်ဖြစ်သည်။ မောကြီးပန်းကြီး ရေတောင်းသောက်နေသည့် လူငယ် လင်မယားကို သူ သနားသဖြင့် ရွာမှာ ခေတ္တ တည်းခိုခွင့် ပေးခဲ့သည်။ အမျိုးသမီးငယ်၏ မျက်လုံးစိမ်းတောက်တောက်များကို သတိထားမိခဲ့ပေမယ့် ကြောက်ရကောင်းမှန်းမသိခဲ့။

နောက်တော့ ထိုလူငယ်လင်မယားသည် သူတို့ရွာတွင် အခြေချ နေထိုင်ဖြစ်သွားခဲ့သည်။ ရွာသူ၊ ရွာသားများလို တံငါသည်မဟုတ်။ ဘာအလုပ်အကိုင်မှ တတ်ကျွမ်းသည်ကိုလည်း မတွေ့ရ။ ညအချိန်များတွင် ရွာထဲမှ ပျောက်သွားတတ်သော လူငယ်နှင့်နေ့အချိန်များတွင် တစ်ခုခုကို အာရုံစူးစိုက်ကြည့်နေသလို တစ်နေရာတည်းကို မျက်လုံးများ ပြူးကျယ်စိုက်ကြည့်နေတတ်သည့် မိန်းမငယ်ကို တဖြည်းဖြည်းနှင့် သူတို့ကြောက်ရွံ့လာခဲ့သည်။

ဒီလိုနှင့် ထိုလင်မယားနှင့်ပတ်သက်ပြီး ရွာထဲတွင် ကောလဟာလ သတင်းများ တဖြည်း ထွက်ပေါ်လာသည်။ လူငယ်သည် နတ်ဆိုးများကို ကိုးကွယ်သူတစ်ယောက်လိုလို၊ အမျိုးသမီးငယ်သည် သရဲတစ္ဆေများနှင့် ဆက်သွယ်သူလိုလို ပြောလာကြသည်။ ရွာသို့ သူတို့နှစ်ယောက် ရောက်လာပြီးမှ ဖောက်ပြန်လာသော ရာသီဥတုနှင့် ပင်လယ်ပြင်တွင် ရုတ်တရက် သား၊ ငါး ရှားခြင်း၊ ငှက်ငယ် တိရစ္ဆာန်ငယ်များပင် မလာတော့ခြင်းများတို့ကလည်း ကောလဟာလများကို ပိုမိုကျယ်ပြန့်အောင် တွန်းအားပေးသလို ဖြစ်ခဲ့သည်။

အမျိုးသမီးငယ်သည် အားလက်စ်ကို ၀မ်းမှာလွယ်ထားချိန်မှာတော့ အခြေအနေများသည် အဆိုးရွားဆုံး ဖြစ်ခဲ့သည်။ စိမ်းစိမ်းတောက်ကာ ပြူးကျယ်သော မျက်လုံးများမှာ ခြောက်ခြားမှုများ ပြည့်နေခဲ့သည်။ ကိုယ်နှင့်စိတ် မကပ်တော့သလိုဖြစ်ကာ ငိုငိုရယ်ရယ် ဖြစ်နေခဲ့သည်။ ကျောက်ဆောင်ပေါ်မှ ခုန်ချရန်၊ မိမိကိုယ်ကို ထိခိုက်နာကျင်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သည်။ ရွာသားများ၏ ကူညီမှုကြောင့်သာမဟုတ်လျှင် ဒီကလေးငယ် မွေးပင် မွေးလာခဲ့မည်မဟုတ်။

Dark AngelWhere stories live. Discover now