"ဆံပင်ရေစိုနဲ့ မိနစ်ပိုင်းလောက် နေရုံလေးကို.. အဲ့လောက်နဲ့ ငါ မဖျားပါဘူးကွာ။ လူကို အထင်သေးလိုက်တာ"

တစ်ဝက်ကျော်ကျော် လျော့သွားပြီဖြစ်သော BaekHyun လက်ထဲက လီမွန်တီးခွက်ကို ကြည့်ပြီး ChanYeol မျက်နှာချင်းဆိုင်ခုံတွင် ထိုင်နေရာမှ ထလာသည်။

BaekHyun က စားပွဲအစွန်းရှိ ထိုင်ခုံမှာ ထိုင်နေသည်မို့ ChanYeol သူနှင့် မျက်နှာချင်းဆိုင်ဖြစ်အောင် စားပွဲအစွန်နားတွင် တက်ထိုင်လိုက်၏။
ထို့နောက် BaekHyun လက်ထဲမှ မတ်ခွက်ကို ဆွဲယူလိုက်ပြီး ခပ်လှမ်းလှမ်းသို့ ပို့ကာ လက်ထဲက တဘက်နှင့် BaekHyun ၏ ဆံပင်ရေစိုတို့ကို သုတ်ပေးသည်။

"နည်းနည်းထပ်သောက်ချင်သေးတာကို"

BaekHyun သိပ်သဘောမကျသလိုသာ ပြောလိုက်ပေမယ့် သူ့ဆံပင်များကို ChanYeol တဘက်ဖြင့် ဂရုတစိုက်သုတ်ပေးနေသောအခါ ကျေနပ်ပြုံးလေး ပြုံးနေ၏။

BaekHyun မျက်နှာလေးအနည်းငယ်မော့ပြီး ChanYeol ကို ကြည့်သောအခါ မျက်လုံးများကို မှေးစင်းထားသည့် သူနှင့် အကြည့်ချင်းဆုံသည်။

ChanYeol အကြည့်များ၌ ညှို့ငင်ခြင်း ခံလိုက်ရသူလို BaekHyun သူ့ကိုသာလျှင် ငေးမောကြည့်နေမိ၏။
ဆံပင်ရေစိုများကို သုတ်ပေးနေသော ChanYeol ၏ လက်တို့ ရပ်တန့်သွားသည်ကိုလည်း သတိထားမိလိုက်သည်။

"ခုနက မေးခွန်းကို ဖြေလို့ ရပြီလား?? BaekHyun?"

"ဟင်!"

"ကျွန်တော့်ကို ချစ်လား???"

"အင်း.. ချစ်တယ်"

သည်တစ်ခါတော့ BaekHyun တုံ့ဆိုင်းခြင်းမရှိပဲ ဖြေလိုက်၏။
ဆက်ပြီး ဝေ့လည်ကြောင်ပတ်လုပ်နေလည်း အချိန်ကုန်တာပဲ ရှိမည်။

BaekHyun ၏ အဖြေစကားကို ကြားရသောအခါ ရင်ထဲ လှိုက်တက်လာသော ပျော်ရွှင်မှုတို့က ChanYeol မျက်နှာပေါ်၌ တောက်ပသော အပြုံးတို့ကို ဖန်တီးသည်။

BaekHyun ကတော့ သူ့နဖူးပေါ် ဝဲကျနေသော ဆံပင်များကို သပ်တင်ပေးရင် ပါးချိုင့်တစ်ဖက် ပေါ်လာသည်အထိ ပြုံးနေသော ChanYeol ကို တမေ့တမော ငေးကြည့်နေ၏။

စက္ကန့်ပိုင်းမျှ ကြာအောင် ငေးမောကြည့်နေမိပြီးမှ သတိပြန်ဝင်လာသည်။
သူ မေးတာကို ဖြေပြီးပြီဆိုတော့ BaekHyun မေးစရာရှိသည်များကိုလည်း မေးရဦးမည်လေ..

🌟MY SPECIAL MAN{나의 특별한 남자}🌟 Where stories live. Discover now