ပိုင်စီး ထမင်းစားခန်းထဲ ဝင်လိုက်ချိန် မနက်ခင်းစားပွဲဝိုင်းမှာ အခန့်သားထိုင်နှင့်နေသော ယောက္ခမဒေါ်သစ်သစ်နိုင်ကို တွေ့လိုက်သည်။ တွေ့တာက အကြောင်းမဟုတ်။
ဒေါ်သစ်သစ်နိုင်ထိုင်နေတာက ပိုင်စီးထိုင်နေကျနေရာဖြစ်သော စားပွဲဝိုင်း၏ ထိပ်ဆုံး၊ အိမ်တစ်အိမ်၏ အကြီးအကဲထိုင်သော နေရာမှာ ယောက္ခမဖြစ်သူက ထိုင်နေခြင်း။
ဒီဘွားတော်က ဒီတစ်သက်မပြန်တော့ဘူးလား။
ဒေါ်သစ်သစ်နိုင် ရောက်လာတည်းက ပိုင်စီးနေရာကို ယူထိုင်နေခြင်းမှာ သမက်ဖြစ်သူကို တမင် ချိုးနှိမ်လိုသည့် သဘောလား? မသိလို့ ဝင်ထိုင်သလား?
မ က ရော သူ့အမေ အနေအထိုင်မတတ်တာကို မပြောထားဘူးလား။
စိတ်ထဲ အလိုမကျမှု့တွေ တန်းစီနေပေမဲ့ ပိုင်စီး မူမပျက်။ ချီပိုးထားသောသမီးနားရာကို မ ဘေးထိုင်ခုံမှာ နေရာချ ပေးပြီး မ နှင့် မျက်နှာချင်းဆိုင် ထိုင်ခုံမှာ ပိုင်စီး ဝင်ထိုင်သည်။
မနက်စောစော ယောက္ခမကို ငုတ်တုတ်ကြီးတွေ့ပါလျက် အကြည့်တစ်ချက်သာ ရောက်ပြီး သူ့အလုပ်သူဆက်လုပ်နေသော သမက်ကို မဲ့ကာ ရွဲ့ကာ ဒေါ်သစ်သစ်နိုင် ကြည့်နေသည်။
ကိုယ့်မိန်းမရဲ့အမေဖြစ်သော ယောက္ခမကို ဘယ်တော့မှ အရေးတယူ ရိုသေမှုမရှိ။ ဦးထိပ်ပန်ဆင်ထားဖို့မှာ ဝေးလာဝေး။ မွေးထားတာက သမီးတစ်ယောက်တည်း။ ထိုသမီး၏ယောကျာ်းဖြစ်သူ မိမိ၏နှစ်ယောက်မရှိနိုင်သော ရွှေသမက်,ငွေသမက်က မိမိကို ဖုတ်လေသည့်ငါးပိ ရှိလေသည်ဟု အသိအမှတ်မပြုလေသောအခါ ခံပြင်းမိပါ၏။
အခြားမိသားစုတွေမှာ သမက်က ယောက္ခမနှင့်မတည့်လို့ တဂျက်ဂျက်၊ တဂျိန်းဂျိန်း ဖြစ်ရသည်။ မိမိနှင့်ဒီသမက်ကတော့ တဂျက်ဂျက် ဖြစ်စရာမရှိပါ။ ဒီသမက်က မိမိကို စိတ်ထဲနေရာပေးဖို့ နေနေသာသာ သူ့မျက်လုံးထဲတောင် မထည့်ထားသောကြောင့်ဖြစ်သည်။
ငုတ်တုတ်ကြီးတွေ့ပါလျက် စကားပြောဖို့ဝေးစွ, နှုတ်ဆက်စကားတောင် အလ္လာဘသလ္လာဘ မခြွေ။ မိမိကို ဒီထမင်းစားခန်းမှာ မရှိသူလို သဘောထားသည်။ သူ့မိန်းမနှင့်သူ့သမီးကိုသာ အရေးတယူ အဖက်လုပ်သည်။ ယောက္ခမကို လူမှုရေးအရ စကားတစ်ခွန်းမဆို။
![](https://img.wattpad.com/cover/146598793-288-k300506.jpg)
YOU ARE READING
အတိတ်တစ်ခု၏ ခြေရာကောက်ကြောင်း
RomanceThis story book presented by Zawgyi & UNICODE. #Zawgyi သေမိန့်ကျပြီး လူတစ်ယောက်၏ နောက်ဆုံးဆန္ဒ #UNICODE သေမိန့်ကျပြီး လူတစ်ယောက်၏ နောက်ဆုံးဆန္ဒ Cover Design By @Gin_hotarubi