""တစ်လောကလုံးမှာ ဘယ်သူ့ကို အချစ်ဆုံးလဲ""

""ဖေဖေ .. မေမေ""

""ဖေဖေနဲ့မေမေမှာ ဘယ်သူ့ကို အချစ်ဆုံးလဲ""

""တူတူပဲ""

""မရပါဘူး။ တစ်ယောက်ထဲပြော... ဖေဖေ့ကို တိုးတိုးလေး နားနားကပ်ပြော""

အရုပ်မ ခေါင်းပြုတ်သွား၍ ပြန်ဆက်နေသော နားရာလေးက လာရစ်နေသည့် ပိုင်စီးကြောင့် စိတ်ရှုပ်လာဟန်။ ပိုင်စီးကလည်း သူ့ကို စိတ်မဝင်စားပဲ အရုပ်ကို စိတ်ဝင်စားနေမှန်းသိလို့ တမင်ရစ်နေသည်။

နားရွက်ကို နားရာအနား ကပ်ပေးတော့

""ဖေဖေ""

ပိုင်စီး သဘောကျလွန်းလို့ နားရာလေးကို နမ်းမိပြန်သည်။ သားအဖနှစ်ယောက်ကို ကြည့်ပြီး မ ရယ်သည်။

""မောင် ... နားရာကို  စမနေနဲ့တော့။ သူ့ဘာသူ ဆော့ပါစေ။ မောင်က မောင့်အလုပ်သွားတော့။ အိမ်ကထွက်တာနောက်ကျရင် လမ်း ကားပိတ်လို့ မောင်ပဲ ညည်းဦးမယ်""

မ က အတင်းဆွဲခေါ် ထူမတော့ ပိုင်စီး ရယ်ရယ်မောမော လိုက်ပါသွားသည်။

အင်း ... အခု မိသားစုနှင့် ပိုင်စီး၏ပုံမှန် နေထိုင်မှု့ဘဝထဲ ပြန်ရောက်သွားသည်မှာ တစ်လကျော်ခဲ့ပြီ။ သွားလေရာနောက် တကောက်ကောက်လိုက်၊ စိတ်ကသိကအောက် ဖြစ်အောင် လုပ်တတ်သည့် ကောင်လေးကို မတွေ့ရတော့တာလည်း တစ်လကျော်ခဲ့ပြီ။

အနားမှာရှိနေတုန်း မြင်နေတွေ့နေစဉ် အချိန်တိုင်း စိတ်မှာ စိုးမိုးနေတတ်သော ကောင်လေးတစ်ယောက်က အခု အနားမှာ မရှိ၊ မမြင်မတွေ့လေတာ ကြာသောအခါ တဖြည်းဖြည်း လွင့်ပါးမှေးမှိန်စပြုလာပြီ။ 

အကြောင်းအရင်းမသိ ဗြုန်းစားကြီး ကိုယ့်အနားက ပျောက်ကွယ်သွားရင် ဘာဖြစ်သလဲ သိချင်စိတ်နဲ့ ကိုယ်ရှာရင် ရှာမိမှာ။ အခုမူ ကိုယ်တိုင်က အဆုံးသတ်ပေးခဲ့သော လူတစ်ယောက်အတွက် ပိုင်စီးမှာ သိလိုစိတ်၊ ရှာဖွေချင်စိတ် မရှိ။ ကိုယ်ရှာဖွေချင်တောင် ထိုလူက သေဆုံးပြီး လူတစ်ယောက်။ တစ်နည်းအားဖြင့် ဒီလောကထဲမှာ မရှိတော့သည့် လူ။

အတိတ်​တစ်​ခု၏ ​ခြေရာ​ကောက်​​ကြောင်​းWhere stories live. Discover now