ကိုယ်တော်ချောက ထုံးစံအတိုင်း ရှုတည်တည်မျက်နှာပေးနှင့် ဖုန်းသုံးနေ၏။

ဖုန်းကို အရမ်းအာရုံစိုက်နေပုံပေါ်သည်မို့ ဘာလုပ်နေသလဲ သိရအောင် မသိမသာလေး စောင်းမြောင်းကြည့်မိသော်လည်း မအောင်မြင်..။
ဖုန်းကို sticker အမဲရောင်ကပ်ထားသဖြင့် ဘေးဘက်ကနေ လှမ်းကြည့်လျှင် သူ ဘာလုပ်နေသလဲ မတွေ့ရပါ။

သည်မနက်က ထုတ်ဝေသူသည် ကျွန်တော့်ကို ဖုန်းဆက်ကာ ဆွေးနွေးစရာရှိသည်မို့ ကုမ္ပဏီသို့ ခဏမျှ လာခဲ့စေချင်ကြောင်း ပြောလာသည်။

ကျွန်တော်တစ်ယောက်တည်း ကိုယ့်ဖာသာကိုယ် သွားဖို့ရန် ပြင်ဆင်ထားသော်ငြား အနှီ Park ChanYeol သည် ကျွန်တော် နေမကောင်းသဖြင့် စိတ်မချနိုင်ကြောင်း၊ သူပါ လိုက်ခဲ့မည်ဖြစ်ကြောင်းပြောကာ မခေါ်ပါပဲနှင့် အတင်းလိုက်လာ၏။

ဘတ်စကားနှင့်သာ သွားဖို့ စီစဉ်ထားပါသော်လည်း မခေါ်ပဲ လိုက်ပါလာသူ၏ ဇွတ်အတင်း ဆွဲခေါ်မှုကြောင့် တက္ကစီပေါ် ပါလာခဲ့သည်။

အဲ့သည်ကောင်လေးနှင့်တော့ တကယ်ခက်သည်။
ကျွန်တော်က အလုပ်အကြောင်း ဆွေးနွေးနေမည့်အချိန်တွင် သူက ဘယ်မှာ ဘာလုပ်နေဖို့ စီစဉ်ထားသလဲမသိ..။

အချိန်ကို ဖြုန်းနိုင်လွန်းသည်။
ကျွန်တော် သူ့အရွယ်တုန်းက တက္ကသိုလ်တက်နိုင်ဖို့ အချိန်ပိုင်းအလုပ်တွေချည်း ဇယ်ဆက်မပြတ်လုပ်ခဲ့ရတာ။

"မင်း ဟိုမှာ အထက်တန်းပဲ အောင်လာခဲ့တာမလား?"

"အင်း.."

သူ့ကို ကြည့်ကာ မေးလိုက်ပါသော်လည်း သကောင့်သားလေး၏ အကြည့်က ကျွန်တော့်ဆီ ရောက်မလာ..။
ဖုန်းနှင့် မျက်လုံးက မခွဲမခွာနိုင် ဖြစ်နေပုံပင်။

"အဲ့ဒါကို.. တက္ကသိုလ်တက်ဖို့ မစဉ်းစားသေးဘူးလား?"

"YonSei တက္ကသိုလ်မှာ တက်ဖို့ လုပ်ထားပြီးသား.. ကျွန်တော် ဘာလုပ်ရမယ်ဆိုတာ သိပါတယ်။ လျှာမရှည်ပါနဲ့!"

ပြန်ပြောလိုက်ချင်သည့်စကားများကို တံတွေးနှင့်အတူ မြိုချကာ ပြတင်းပေါက်အပြင်ဘက်ဆီသို့သာ အကြည့်ပြန်ပို့ထားလိုက်သည်။

🌟MY SPECIAL MAN{나의 특별한 남자}🌟 Where stories live. Discover now