"အဲ့ဒါကို.. တက္ကသိုလ်တက်ဖို့ မစဉ်းစားသေးဘူးလား?"

"YonSei တက္ကသိုလ်မှာ တက်ဖို့ လုပ်ထားပြီးသား.. ကျွန်တော် ဘာလုပ်ရမယ်ဆိုတာ သိပါတယ်။ လျှာမရှည်ပါနဲ့!"

ပြန်ပြောလိုက်ချင်သည့်စကားများကို တံတွေးနှင့်အတူ မြိုချကာ ပြတင်းပေါက်အပြင်ဘက်ဆီသို့သာ အကြည့်ပြန်ပို့ထားလိုက်သည်။

ကမ္ဘာပျက်ရင်တောင် Park ChanYeol ဟာ စကားကောင်းကောင်းမွန်မွန် ပြောလိမ့်မည်မထင်။

ပြောသည့်စကားတို့က အေးစက်စက်နှင့် ဘုဂလန့်နိုင်သော်လည်း အပြုအမူတို့မှာ နွေးထွေးပါ၏။

နေမကောင်းဖြစ်သည့်နှစ်ရက်အတွင်း ကျွန်တော့်အား သူ ဂရုစိုက်ပေးခဲ့သည်များကို ပြန်တွေးမိသောအခါတိုင်း ရင်ဘတ်ထဲ တအုံ့နွေးနွေး ခံစားချက်မျိုး ရသည်။

ထိုခံစားမျိုးအား ဘဝ၏ အချိန်အတော်များများကို တစ်ယောက်တည်း ရပ်တည်လာခဲ့သည်မို့ တစ်ပါးသူ၏ ဂရုတစိုက်ရှိမှုကို လက်ခံရသည့်အခါ ဝမ်းသာပီတိ ဖြစ်မိတာမျိုးဟု သတ်မှတ်သော်ငြား မသိစိတ်က ငြင်းဆန်ချင်နေသလိုပင်။

မသိတော့...။

"ခင်ဗျားဖို့ စားပွဲပေါ်မှာ တင်ထားပေးတဲ့ ဆေးတွေ သောက်ခဲ့ရဲ့လား?"

"အင်း.."

အမှန်တော့ မသောက်ခဲ့ပါ။
မသောက်ခဲ့ကြောင်း အမှန်အတိုင်းပြောလျှင် သူက ဘာတွေပြောလာဦးမည် မသိတာမို့ လိမ်ပြောလိုက်သည်က ပိုကောင်း၏။

တကယ်တမ်း ဆေးသောက်ရအောင်လည်း ကျွန်တော့်မှာ အဖျားမရှိတော့ပါ။
ဆေးက ရက်ပြည့်တဲ့ထိ သောက်ရမည်မို့သာ ChanYeol က ကျွန်တော့်ကို ဆေးသောက်ခိုင်းနေခြင်းပင်။

အိမ်ပြန်ရောက်လျှင် သူ့ထက်အရင်ဦးအောင် ဝင်၍ စားပွဲပေါ်က ဆေးများကို ယူကာ လွှင့်ပစ်ရမည်။

"လိမ်ပြန်ပြီ.. အိမ်ကမထွက်ခင် စားပွဲပေါ်က ဆေးတွေ တစ်လုံးမှ လျော့မနေတာ တွေ့တယ်"

🌟MY SPECIAL MAN{나의 특별한 남자}🌟 Where stories live. Discover now