ကိုရီးယားလူမျိုးများဖြစ်ကြသော်လည်း ကနေဒါမှာ အနေကြာသဖြင့် အနောက်တိုင်းအယူအဆအချို့ကို လက်ခံကြသည်။
အသက်ဆယ့်ရှစ်နှစ်ပြည့်ပြီးသည်မို့ ကျွန်တော့်ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို သူတို့ဝင်စွက်ဖက်ခြင်းမရှိ။

အဖေနှင့်အမေ့စီးပွားရေးက ကနေဒါမှာ အခြေကျနေပြီမို့ ကိုရီးယားကို ကျွန်တော်နှင့်အတူ ပြန်မလိုက်ဖြစ်ကြ..။

အချစ်အတွက် မိဘနှစ်ပါးကို နိုင်ငံရပ်ခြားမှာ ထားပြီး ထွက်သွားခဲ့သည့် ကျွန်တော့်လုပ်ရပ်က သားမိုက်တစ်ယောက်လိုများ ဖြစ်နေမလားမသိပါ။
သို့ပေမယ့် Byun BaekHyun အတွက်နှင့်ပင် မွေးရပ်မြေသို့ ပြန်ဖြစ်ခဲ့သည်။

BaekHyun အား မနေ့ကမှ ပြန်ရောက်သည်ဟု ပြောခဲ့သော်လည်း တကယ်က ကျွန်တော် ဆိုးလ်ကို ပြန်ရောက်နေခဲ့တာ နှစ်လခန့်ကြာပြီ ဖြစ်၏။

BaekHyun နေထိုင်သော အိမ်၏ အနီးအနားပတ်ဝန်းကျင်တွင် ဈေးသက်သာသော တိုက်ခန်းတစ်ခန်းကို ရှာဖွေငှားရမ်းကာ နေထိုင်သည်။

ရောက်ရောက်ချင်း သူရှိရာ တန်းတန်းမတ်မတ် မသွားရသည့်အကြောင်းအရင်းဟာ သူမသိစေပဲ နောက်ကနေ တကောက်ကောက်လိုက်ကာ သူ့အကြောင်း၊ သူ့အပြုအမူတို့ကို စုံစမ်းချင်၍ဖြစ်၏။

စာရေးဆရာပင်မို့လားမသိ..
အိမ်ထဲကအိမ်ပြင်ထွက်သည်က သိပ်ရှားရှားရယ်။
အရင်ကတော့ အချိန်ပိုင်းအလုပ်များ၊ သင်တန်းများနှင့် မနားတမ်းပြေးလွှားနေခဲ့သလောက် ခုများမှာတော့ ဒင်းက အိမ်မှာ စာရေးလိုက်၊ အနားယူလိုက်နှင့် ဇိမ်ကျနေလိမ့်မည်ထင်သည်။

အတော်အတန်အောင်မြင်သည့် စာရေးဆရာဖြစ်နေမှန်း သိခဲ့ရသည်မှာလည်း သူ၏ SNS အကောင့်များ၊ ဆက်စပ်ရာများမှ စုံစမ်းခဲ့ခင်းကြောင့်။

တစ်လကျော်ကျော်လောက် သူ မသိအောင် သူ့အနီးအနား၌ အရိပ်လိုရှိနေခဲ့ပြီးနောက်တွင် သိလာခဲ့သည့် အကြောင်းအရာတစ်ခုက သူသည် HyeJung အမည်ရှိ မိန်းကလေးတစ်ဦးကို သဘောကျနေခြင်းဖြစ်၏။

သူမကို ကြည့်သည့် သူ့မျက်လုံးတွေထဲက အရိပ်အယောင်ကို မြင်ခဲ့သည့်အချိန်က ရင်ဘတ်ထဲ ဆစ်ခနဲ။
သို့ပေမယ့် ထိုနာကျင်မှုဝေဒနာကို ကြာမြင့်စွာ မခံစားရ..
နှလုံးသားကို နာကျင်ခွင့်မပြုတာဖြစ်သည်။

🌟MY SPECIAL MAN{나의 특별한 남자}🌟 Where stories live. Discover now