သုံးလ..
ကျွန်တော် သူမကို ချစ်မိခဲ့သည်မှာ အချိန်ကာလအားဖြင့် သုံးလမျှသာ ကြာမြင့်ခဲ့ပေမယ့် ကျွန်တော့် နှလုံးသားထဲ သူမ အပိုင်ယူထားသော နေရာက ထင်ထားသည်ထက် များသည်။

သန့်စင်ခန်းထဲ မဝင်ခင် သူမရှိရာဆီ ကြည့်မိတော့ ထိုလူအတွက် သူမမျက်ဝန်းထဲက အကြည့်သည် ကျွန်တော့်ဦးနှောက်ထဲက ထွက်မသွား။

အသက်ကို ခပ်ပြင်းပြင်းရှူ ရင်း မျက်လုံးကို အသာမှိတ်ထားမိသည်။

မငိုချင်ပါ...
မိန်းကလေးတစ်ယောက်အတွက် ငိုရလောက်အောင် ကျွန်တော် မပျော့ညံ့။
နှစ်များစွာ ကျွန်တော် တစ်ယောက်တည်း ရင်ဆိုင်ဖြတ်သန်းလာခဲ့တာ ဘယ်လောက်မို့လို့လဲ။

သုံးလဟူသော အချိန်ကာလက သိပ်တိုတောင်းသည်။
ထိုတိုတောင်းသော အချိန်အတွင်း ဖြစ်တည်လာသော အချစ်ကို ပယ်ဖျက်ဖို့က လွယ်နိုင်လောက်လား။

နယူတန်၏ နိယာမက ကျွန်တော့်အတွက် မှန်ကန်နိုင်ပါ့မလား။
ဇွဲရှိရှိနှင့် သူမကို စောင့်နေရင် သူမ ကျွန်တော့်ဆီ ရောက်လာမှာလား။

ဒါမှမဟုတ် သုံးလတာကြာမြင့်ခဲ့သော ကျွန်တော့်တစ်ဖက်သတ်အချစ်ကို ရပ်တန့်ပစ်ရမှာလား။

မသိတော့ပါ....

✨✨✨

အိမ်ပြန်ရောက်ကတည်းက တစ်နေကုန် အိပ်နေခဲ့ပြီး နိုးလာသောအခါ တီဗွီဖွင့်ကာ ချန်နယ်တစ်ခုက လာနေသည့် ဇာတ်ကားတစ်ကားကို ထိုင်ကြည့်နေလိုက်သည်။

တီဗွီမှာ လာနေသည့် ဇာတ်ကားက အခြားတော့မဟုတ်..
အရင်တစ်ချိန်က နာမည်ကြီးခဲ့သည့် King Kong ဇာတ်ကားပင် ဖြစ်သည်။

အသည်းကွဲနေသည်ကို မေ့ဖျောက်ကာ အာလူးကြော်လေးစားရင်း၊ ဇာတ်ကားကြည့်ကာ သာယာနေလိုက်၏။

ကြီးမားလှသော လူဝံကြီးရှေ့ မင်းသမီးကပြနေသော အခန်းမှာ ကျွန်တော် ခွက်ထိုးခွက်လန် ရယ်သည်။
နောက်ဆုံး လူဝံကြီးသေဆုံးသည့် အခန်းကို ကြည့်ရင်း ကျွန်တော်ငိုသည်မှာ အသည်းအသန်.. ဘေးမှာ တစ်သျှူးစလေးတွေကို ပုံလို့။

🌟MY SPECIAL MAN{나의 특별한 남자}🌟 Where stories live. Discover now