ထိုအခါမှ ပြီးရောဟု ဆိုကာ ဖုန်းကိုယ်စီ သုံးနေကြသည်။
မွေးနေ့ရှင်ကျွန်တော့်ကို သောက်ဖက်တောင်မလုပ်...။

"ဘာများသုံးဆောင်ချင်ပါသလဲရှင်"

"အာ.. လူစုံတော့မှ မှာမယ်နော်"

ဘော်ဒါနှစ်ကောင်က အဖက်မလုပ်ပေမယ့် အဖက်လုပ်သော စားပွဲထိုးမိန်းကလေးအား ချိုသာစွာ ပြုံးပြဖြစ်သည်။
စားပွဲထိုးမလေး ထွက်သွားပြီးတော့မှ ဆိုင်ထဲ ဟိုဟိုဒီဒီ လျှောက်ကြည့်နေလိုက်၏။

ဆိုင်လေးထဲ စားသုံးသူ သိပ်များများစားစား ရှိမနေ။
ပိတ်ရက်မဟုတ်လို့ ဖြစ်မည်ထင်သည်။
ဂီတသံက ဆိုင်ထဲ ငြိမ့်ညောင်းစွာ လွင့်ပျံနေ၏။

ဘာရယ်မဟုတ် တစ်ဖက်ဝိုင်းက ကျွန်တော်နှင့် မျက်နှာချင်းဆိုင် ဖြစ်နေသောသူဆီ ကြည့်ဖြစ်သည်။

ချောလိုက်တဲ့ လူ!

ထိုလူ့မျက်နှာကို မြင်မြင်ချင်း စိတ်ထဲ အလိုအလျေက် တွေးလိုက်မိသော စကားပင်။
သူများတကာထက် ထူးခြားနေသည်က..
ထိုင်နေတာတောင် မြင့်မားသော အရပ်ရှိကြောင်း သက်သေပြနေတဲ့ ရှည်လျားသော ခြေထောက်များရယ်၊
အနောက်နိုင်ငံက အမျိုးသားအချို့ ထားတတ်သည့် လည်တိုင်လောက်ထိ ဆံပင်အရှည်တို့ ဖြစ်၏။

သာမန်မျက်နှာပုံစံအနေအထားနှင့် ထိုသို့သော ဆံပင်အရှည်နှင့် လိုက်ဖက်ဖို့ ခဲယဉ်းပါသော်လည်း ထိုလူကျတော့ ဆွဲဆောင်မှုရှိစွာ ချောမောနေပြန်ပါသည်။

အဲ့လောက်ချောနေတဲ့ကောင်တွေကို အမြင်ကတ်တယ်...

ရုတ်တရက် ထိုလူက ဖုန်းကိုငုံ့ကြည့်နေရာကနေ အပေါ်မော့အကြည့် ကျွန်တော်နှင့် အကြည့်ချင်းဆုံသည်။
ကျွန်တော်လည်း ပြာပြာသလဲပင် အကြည့်လွှဲကာ အရှက်ပြေ ဖုန်းပွတ်နေလိုက်ရ၏။

"ကြာလိုက်တာကွာ.. ခုချိန်ထိကို မလာနိုင်ကြသေးဘူး"

အရပ်မရှည်သလို စိတ်လည်းမရှည်သော KyungSoo က ဖုန်းကို စားပွဲပေါ် ဂွက်ခနဲ တင်ကာ ပြောလာသည်။

🌟MY SPECIAL MAN{나의 특별한 남자}🌟 Where stories live. Discover now