မျက်နှာပေါ် ရေနှင့်ဖြန်းလိုက်သလို စိုစွတ်စွန် ခံစားမှုကြောင့် ကျွန်တော် အိပ်စက်ခြင်းရေယာဉ်ကြောက နိုးထလာခဲ့ရပြန်ပါသည်။

မပွင့်ချင်ပွင့်ချင် ဖြစ်နေသည့် မျက်လုံးများအား လက်နှစ်ဖက်ဖြင့် ပွတ်သပ်ရင်း ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်သောအခါဝယ် ရေသန့်ဘူးကို လက်ထဲကိုင်ထားကာ ပါးစပ်ထဲ တစ်ခုခုထည့်ငုံထားသကဲ့သို့ ပါးကို ဖောင်းထားသော အသက်ဆယ်နှစ်ကျော်ကျော်အရွယ် ကောင်လေးကို တွေ့လိုက်ရသည်။

အိပ်ချင်မူးတူးဖြစ်နေသည်မို့ ထိုကောင်လေးက ဘယ်သူလဲ ဆိုသည်ကို ဦးနှောက်ထဲ စကန်ဖတ်လို့မရ။
မျက်လုံးကို မပွင့်တပွင့် ဖွင့်ထားရင်း လည်ပင်းကို လက်ဖြင့် အသာကုတ်ကာ ထိုကောင်လေးအား စကားပြောမလို့ ကြံရွယ်လိုက်စဉ်...

*ဖူး!!!*

ထိုကောင်လေး၏ ပါးစပ်ထဲ ရှိနေသော ရေများသည် မိမိမျက်နှာထက် ရေမှုန်ရေမွှားများအဖြစ် လာခစားသောအခါ လန့်ဖျတ်သွားရ၏။

ချက်ချင်းဆိုသလို အိပ်ချင်ပြေသွားသည့်အပြင် ထိုကောင်လေးနှင့် ပတ်သက်သမျှ ခေါင်းထဲ ရှင်းရှင်းလင်းလင်း ဖြစ်သွားသောအခါ ချက်ချင်းကို ဒေါသက ငယ်ထိပ်ရောက်လာသည်။

"မင်း.. မင်း အခု ငါ့ကို...."

စိတ်တိုလွန်းလို့ ပြောရမည့်စကားများပင် ပျောက်ထွက်ကုန်၏။
အမှန်က ဒီနေ့အချိန်ပိုင်းအလုပ်မရှိဘူးမို့ တစ်ရက်တလေ အိပ်ရေးဝဝ အိပ်ဖို့ ပျော်ရွှင်စွာ စိတ်ကူးထားသော်ငြား ခုတော့...

ရှားရှားပါးပါး အိပ်ရေးဝဝ အိပ်ရမည့် အခွင့်အရေးကို ဖျက်ဆီးလိုက်သည်က တစ်ကြောင်း၊
နှိုးတာတောင် လူလိုသူလို နှိုးခြင်းမခံရပဲ သူများပါးစပ်ထဲကရေဖြင့် မျက်နှာကို ထွေးထုတ်ခံရပြီး နိုးလာရသည်က တစ်ကြောင်း၊
အိပ်ရာနိုးကာစဖြစ်သည်ကတစ်ကြောင်းကြောင့် စိတ်တိုဒေါသထွက်ရလွန်းလို့ ခေါင်းက အခိုးအငွေ့များပင် ထွက်ချင်လာသည်။

"ကောင်းကောင်းမွန်မွန် နှိုးနေတုန်းက လှုပ်တောင်မလာပဲ သေနေပြီးတော့.. ရေပုံးလိုက် လောင်းမချတာ တော်သေးတယ်မှတ်ပါ။"

🌟MY SPECIAL MAN{나의 특별한 남자}🌟 Where stories live. Discover now