ကူညီပေးချင်သော်ငြား မဖြစ်နိုင်သည်မို့ ဆောရီးပဲ နိုးပါပေါ့လေ...။

"အာ.. အစ်မ! အားနာပေမယ့် မဖြစ်ဘူးထင်တယ်။ ကျွန်တော်က အချိန်ပိုင်းအလုပ်တွေ သင်တန်းတွေနဲ့ တိုင်ပတ်နေတာဗျ။ ကလေးဘယ်လိုလုပ် ထိန်းနိုင်မတုန်း"

"သားက ၁၁ နှစ်ရှိနေပြီ BaekHyun ရဲ့.. ထိန်းစရာမလိုဘူး~ သားက သူ့ဖာသာသူ နေတတ်တယ်.. အလကားလည်း မကျွေးခိုင်းထားပါဘူးနော်။ အစ်မတို့ ပိုက်ဆံပို့မှာပါ။ BaekHyun က နေစရာလေး ပေးရုံပဲ.."

ဒါဆိုရင်တော့ မဆိုးလှ။
၁၁ နှစ်လောက်ဆို ကလေးက သူ့ဖာသာသူ နေတတ်နေပြီမို့ ကရိကထလည်း များမည်မထင်။
ကူညီနိုင်လောက်မည်ဟု ထင်မိသည်။

တစ်ကောင်ကြွက်မို့ ကိုယ့်အားကိုယ်ကိုးကာ ရုန်းကန်နေရသော်လည်း အိမ်ကတော့ အခြေခံလူတန်းစားများနေသည့် အိမ်မျိုးမဟုတ်။
မိဘများ ရှိခဲ့စဉ်က အတော်အတန် ပြေလည်ခဲ့သည်မို့ အတန်သင့်ကျယ်ဝန်းသော ကွန်ဒိုတိုက်ခန်းတစ်ခုကို ပိုင်ဆိုင်သည်။
ထို့ကြောင့် လူတစ်ယောက်ပိုလာလည်း နေရထိုင်ရအဆင်ပြေလိမ့်မည်။

"အဲ့ဒါဆိုရင်တော့ ရပါတယ်.. အစ်မ SaeJin ကလေးကို ဘယ်တော့လောက်လာပို့မှာလဲ??"

"ဒီနေ့ပဲ လာပို့ချင်တာ.. ရတယ်မလား"

အားကြိုးမာန်တက် အပြောကြောင့် နည်းနည်းပင် အင်တင်တင်ဖြစ်သွားရ၏။

"ရပါတယ်.. ညခုနစ်နာရီလောက်ကျမှ လာပို့နော်။ ကျွန်တော် အချိန်ပိုင်းအလုပ်လေးရှိသေးလို့"

"အိုခေ အိုခေ! ကျေးဇူးပါ ငါ့မောင်ရယ်.. ဒါဆို ညကျ တွေ့မယ်နော်"

"ဟုတ်ကဲ့!"

ဖုန်းလိုင်းက တီခနဲပြတ်ကျသွားသောအခါ ဖုန်းပါဝါခလုတ်ကို အသာပိတ်ပြီး ကုတင်ပေါ်ပစ်တင်လိုက်သည်။
ထို့နောက် ရေချိုးခန်းဆီသို့ ပြေးလွှားရပြန်၏။ အချိန်ပိုင်းအလုပ်သို့ နောက်ကျမှ ရောက်မသွားစေရန် ဖြစ်၏။

အစ်မ SaeJin ၏ သားလေးက ဘယ်လိုကောင်လေးမျိုးဖြစ်မလဲ မသိပေမယ့် အဆင်ပြေဖို့ မျှော်လင့်သည်။
တစ်ယောက်တည်းနေရသည်မို့ အထီးကျန်နေမှုကနေ နှစ်လလောက် ကယ်တင်ပေးနိုင်မည့် ကောင်လေးဖြစ်ပါစေဟု ဆုတောင်းရင်း...

🌟MY SPECIAL MAN{나의 특별한 남자}🌟 Where stories live. Discover now