မလုပ်ပါနဲ့လို့ မတားမြစ်ရက်လေတော့ အခုဆို ကြာရွက်တို့ မီးပုံကိုဖင်ခုထိုင်ထားမိသလို ပူပန်နေရပြီဖြစ်သည်။ သူ့လေနှင့်သူမျောနေသည့် မြငွေငန်းကတော့ အိမ်ကြီးရှင်၏မျက်နှာအမူအရာကို မော့မကြည့်မိ။ လက်တွဲဖော်သေဆုံးသွားပြီးတဲ့နောက်မှာ ငန်းတွေဟာ အဖော်အသစ်ထပ်မရှာကြတော့ဘဲ ဝေဟင်အမြင့်ဆုံးအထိပျံတက်ပြီးနောက် ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်လိုက်သည့်အကြောင်းကို ငရုတ်သီးတွေကြေညက်သွားအောင်ထောင်းရင်း အကျယ်တဝင့်ပြောပြလို့နေသည်။ တစ်ချက်တစ်ချက်ဆိုလျှင် ငရုတ်ကျည်ပွေ့၏လားရာက ငရုတ်ဆုံကိုမဟုတ်ဘဲ လက်ဖမိုးဆီသို့ ပြေးပြေးဝင်တော့မလို ယိုင်သွားတတ်သည်။ ကံကောင်းစွာဖြင့် လက်ကိုတော့ ရောယောင်ပြီး မထောင်းမိသေးပါ။

    တကယ်တော့ အိမ်ကြီးရှင်တစ်ယောက် ဘယ်လိုဖြစ်နေမလဲ မြငွေငန်းမှန်းဆကြည့်လို့ရသည်။ သိလို့လည်း တမင်ကို လုပ်နေတာဖြစ်သည်။ စဉ်းနှီးတုံးအပေါ် လည်စဉ်းပေးထားရသူက ကိုယ်ပေမယ့်လို့ အနိုင်ရသူကလည်းကိုယ်ပဲဖြစ်နေပြန်တဲ့ ဒီလိုအခြေအနေကို သူအကျွမ်းတဝင်ရှိစပြုနေပြီဖြစ်သည်။

    ဒီရက်တွေမှာ မြငွေငန်းက အိမ်ကြီးရှင်အပေါ် မတရားသည့်ရွာသားတွေကို ပေါ်ပေါ်ထင်ထင် ဆန့်ကျင်နေခဲ့တာဖြစ်နေသည်။ ထိုလုပ်ရပ်တွေ၏ဦးတည်ရာကတော့ တစ်ဖက်စောင်းနင်းဖြစ်နေသည့် ရွာ၏စည်းကမ်းထုံးစံတွေကနေ အိမ်ကြီးရှင်ကို ကယ်ထုတ်လိုခြင်းဖြစ်သည်။ သို့သော် ကြိုတွေးထားသလိုပင် အိမ်ကြီးရှင်က သူမနှင့်အတူ ပူးပေါင်းခြင်းမရှိခဲ့။ အပေါ်ယံတွင်တော့ သူမကိုတားမြစ်ခြင်းမရှိသလို မကြိုက်ကြောင်းလည်းမပြသခဲ့ပေမယ့် တကယ့်အတွင်းစိတ်မှာတော့ အိမ်ကြီးရှင်သည် ရွာသားတွေ၏စကားလုံးတွေကြားထဲတွင် နစ်မွန်းနေတာ ထိုစကားသံတွေအတိုင်း ရှင်သန်လို့နေသည်။

    အလေ့အကျင့်ဆိုသည့်အရာက လွယ်လွယ်နှင့်ပျောက်ပျက်သွားမှာမဟုတ်ပေ။ သို့သော် မြငွေငန်းက အိမ်ကြီးရှင်၏အရိုးအသားတွေထဲအထိ ‌စိမ့်ဝင်နေသည့် ထိုအတွေးအခေါ်ဟောင်းတွေကို ရေညစ်တွေလို့သာမြင်သည်။ မြငွေငန်းက ထိုရေညစ်တွေအားလုံး ပြောင်ရှင်းသွားတဲ့အထိ ဖယ်ထုတ်လိုက်ဖို့ကို ကြိုတွေးထားပြီးသားဖြစ်သည်။ ငန်းတစ်ကောင်က ရွှံနွံတွေပြည့်နေတဲ့ကန်ထဲမှာ ကူးလူးနေပေမယ့်လို့ သူ့ရဲ့အမွေးအတောင်တွေကတော့ စွန်းထင်းညစ်ပတ်သွားခြင်းမရှိပေ။ သဘာဝက ဤကဲ့သို့ ကြိုတင်စီမံဖန်တီးပေးထားသည်။ ဒါကြောင့်လည်း မြငွေငန်းက အိမ်ကြီးရှင်အစား ရေညစ်တွေကို ဆေးကြောပစ်ဖို့ တွန့်ဆုတ်မနေခြင်းဖြစ်သည်။

ငန်းဖြူထောင်ချောက်Where stories live. Discover now