part 10

56 7 0
                                    

     ညနေခင်းရဲ့နေရောင်က ပြီးပြည့်စုံခြင်းကို သယ်ပိုးလို့ထားသည်။ တစ်ချက်အကြည့်တွင် ငြိမ်းချမ်းခြင်းက တစ်လောကလုံးကို အုပ်မိုးထားသည်ဟု ထင်ယောင်ထင်မှားဖြစ်ချင်စရာရှိသည်။ သို့သော် လှုပ်ယမ်းနေသည့်မြက်ပင်ရှည်များကြားတွင်တော့ အန္တရာယ်ကို ခံစားမိသဖြင့် ပြေးလွှားနေကြသော သတ္တဝါငယ်လေးတွေ ရှိနေကြ၏။ လူသားတစ်ယောက်၏ခြေထောက်အောက်တွင် ဖိနင်းခံရပြီး ပြားပြားဝပ်သွားမှာမျိုး ဘယ်သူကမှမလိုချင်ဘူးလေ။ နင်းတဲ့လူက ကလေးသာသာအရွယ်လေးဖြစ်နေရင်တောင်မှပေါ့။

    ပျားနှင့်ပိတုန်းက သေရေးရှင်ရေးအတွက် ရုန်းကန်ပြေးလွှားနေကြသည့် ပတ်ဝန်းကျင်ကိုသတိမထားမိဘဲ ဝတ်ရည်အတွက် ငြင်းခုန်ရန်ဖြစ်နေကြစဉ် အမွေးဖွာဖွာယုန်ညိုလေးကတော့ သူ့လမ်းတွင်ဝင်ရှုပ်နေသော ပန်းပင်လေးအား သတိမမူမိဘဲ မတော်တဆ ခုန်ကျော်ရင်း ဖြတ်တိုက်သွား၏။ ခုနက ရန်ပွဲကြောင့် ဒေါသတကြီးဖြစ်နေသည့် ပျားလေးနှင့် ပိတုန်းမှာလည်း လေထဲတွင် ဇောက်ထိုးမိုးမျှော် တစ်ပတ်လည်လိမ့်သွားကာ ခြေပြန်ငြိမ်သွားချိန်၌ ငြင်းခုန်နေသည်ကိုရပ်ပြီး သူတို့ကိုဘာကဝင်တိုက်သွားသလဲ ခေါင်းထောင်ကြည့်လာကြသည်။

      ထိုကဲ့သို့ ကမ္ဘာပျက်နေသော အကောင်ငယ်လေးတွေကိုကြည့်နေရင်း ကြာရွက်မှာ သူ့ခြေလှမ်းတွေကို မြန်ဆန်သင့်လား နှေးလိုက်သည့်လား မသဲကွဲတော့ချေ။ သူ ဒီမြက်ရိုင်းတောထဲက မြန်မြန်ထွက်သွားလျှင် သူတို့လေးတွေကြောက်လန့်စရာမလိုတော့ပေ။ ရုတ်တရက်ကြီး အရှိန်တင်လိုက်လျှင်ကျ ပြေးလက်စသတ္တဝါငယ်လေးတွေကို ခြောက်လှန့်လိုက်သလို ဖြစ်မှာလည်းစိုးရသည်။

      ရှေ့လည်းမတိုးသာ နောက်လည်းမဆုတ်သာသည့်အခြေအနေတွင် ကြာရွက်ငယ်လေးသည် သူ့ဝါးခမောက်အား လေနှင့်အတူ လွင့်မျောသွားစေသည့်သူကိုသာ အပြစ်တင်လိုက်တော့သည်။ သူကကြင်နာတတ်တာကြောင့်မဟုတ်သလို ဝါးခမောက်က အရေးကြီးနေတာကြောင့်လည်းမဟုတ်။ သူ့အနေနှင့် တတ်နိုင်သမျှ လူသားဆန်စွာ ပြုမူတွေးခေါ်နေခြင်းဖြစ်ပြီး တစ်ဖက်မှာလည်း သူ့အား ဝါးခမောက်ဖြင့် မျှားခေါ်သည့်လူ၏ ရည်ရွယ်ချက်ကိုလည်း သိချင်မိရသည်။

ငန်းဖြူထောင်ချောက်Where stories live. Discover now