part 3

60 8 0
                                    

       သစ်လွင်နေသော သွားပွတ်တံတစ်ချောင်းနှင့် အသုံးပြုပါများ၍ အနားစများဖွာလန်ကျဲနေသော သွားပွတ်တံတစ်ချောင်း။ ယှဉ်လျက်ချထားချိန်တွင် မြငွေငန်းသည် သွားတိုက်ဆေးညှစ်ထားပေးပြီးသား သူမ၏သွားပွတ်တံကို ကောက်ယူလိုက်၏။ လဝက်လောက်ကြာပြီးနောက် မျက်နှာရော ခန္ဓာကိုယ်ရောအတွက် ဆပ်ပြာတုံးတစ်ခုတည်းကိုပဲ သုံးခြင်းကို အသားကျနေသင့်ပြီဖြစ်သည်။ သို့သော် အိမ်ကြီးရှင်က သူမကို ထိုသို့ဖြစ်ရန် ခွင့်မပေးခဲ့ပေ။

       အထုပ်သေးသေးလေးထဲမှ မျက်နှာသစ်ဆေးကို လက်ဖဝါးထဲသို့ ညှစ်ထည့်ကာ အမြှုပ်ထွက်လာအောင်ပွတ်တိုက်လိုက်သည်။ ထို့နောက် မျက်နှာပေါ်သို့ အမြှုပ်တွေတင်လိုက်ပြီး နှံ့နှံ့စပ်စပ်ပွတ်သပ်နှိပ်နယ်ကာ ရေဖြင့် စင်ကြယ်သွားသည်အထိ ဆေးကြောလိုက်သည်။ မျက်နှာသစ်ဆေး၏တံဆိပ်က သာမာန်ဆန်လွန်းပြီး အရင်က မြငွေငန်းသုံးနေကျအမှတ်တံဆိပ်တွေနှင့် ဘယ်လိုမှ မယှဉ်နိုင်ပေ။ အထုပ်လေးကလည်း သေးလွန်းပြီး ရောင်းရန်မဟုတ်ဘဲ ဈေးကွက်မြှင့်တင်ရန် ကြော်ငြာသည့်ပစ္စည်းသဘောမျိုး ဖြစ်ဟန်တူသည်။ သို့သော် ဤဝေးလံခေါင်ဖျားသောနေရာတွင် ဒီပစ္စည်းမျိုးကပင် အဖိုးတန်ဖြစ်နေပြီး လူတိုင်းမသုံးနိုင်ကြ။ ထိုအချက်ကိုကြည့်ရုံနှင့်ပင် မြငွေငန်းသည် အိမ်ကြီးရှင်က သူမအား တတ်နိုင်သမျှ မြှောက်စားထားကြောင်း နားလည်နိုင်သည်။

      " ‌ဒို တီ လာ ဆို လာ မီ လာ ဆို ဒို ရေ မီ .."

       မျက်နှာသစ်ရင်း သီချင်းညည်းနေ‌ပါသော ငန်းရိုင်းထံတွင် ဘယ်လိုပျော်စရာမျိုး ရှိနေသလဲ ကြာရွက် နားမလည်ပေ။ သူမဘယ်လောက်ပဲ တုံးအပါစေ ငန်းရိုင်း၏အသံက ရွာထဲရှိအသံချဲ့စက်မှ ထုတ်လွှင့်နေသည့်သီချင်းနှင့် ထပ်တူကျနေမှန်းတော့ သတိထားမိပါသေးသည်။ ဒီတစ်ခါတွင်တော့ သီချင်းစာသားမရသဖြင့် ပေါက်ကရတွေဝါးချနေခြင်းလားဟူ၍ မမေးဖြစ်တော့ပါ။ ငန်းရိုင်းက သူမ မသိသည့် သူမ မတတ်သည့် အရာများစွာကို နားလည်တတ်ကျွမ်းမှန်း သိနေ၍ဖြစ်သည်။ မြို့ပေါ်က သူဌေးသမီးက အမြင်ကျယ်သည်လေ။

ငန်းဖြူထောင်ချောက်Where stories live. Discover now