part 4

59 6 0
                                    

        ငန်းဖြူရွာတွင် ငန်းရိုင်းကို ကြည့်မရဆုံးလူကိုပြပါဆိုလျှင် ခါဥက ရှေ့ဆုံးကနေ ထွက်လာလိမ့်မည်ဖြစ်သည်။ သူငယ်ချင်းဖြစ်သည့် ကြာရွက်တစ်ယောက် ဆိုင်းမဆင့်ဘုံမဆင့် အိမ်ထောင်ကျသွားမှန်းသိရချိန်တွင် ခါဥမှာ အံ့ဩဝမ်းသာဖြစ်ခဲ့ရသည်။ ကူဖော်လောင်ဖက်လေးရလာသည့်အခါ အနည်းဆုံးတော့ သူ့သူငယ်ချင်း တစ်ယောက်တည်း အထီးကျန်တော့မည်မဟုတ်ဟူသည့် အတွေးနှင့်ဖြစ်သည်။ သို့နှင့် တစ်ဖက်လူက မိန်းကလေးဖြစ်နေသည်ဟူသော သမားရိုးကျမဟုတ်မှုကြီးကိုပင် မျက်စိမှိတ်ကျော်သွားပေးနိုင်ခဲ့သည်။

       မထင်မှတ်ထားတာကတော့ ထိုမိန်းကလေးက ကြာရွက်အပေါ် လေးစားမှုမရှိဘဲ ဆိုးချင်တိုင်းဆိုးနေခဲ့သည်။ ရောက်ခါစ တစ်ရက်နှစ်ရက်တွင် အော် သူလည်း အသားမကျသေးလို့နေမှာပါဆိုပြီး ကြာရွက်နည်းတူ ခါဥလည်း ငန်းရိုင်းအပေါ် သည်းညည်းခံခဲ့သည်။ သို့သော် တစ်ပတ်အကြာတွင်တော့ ထိုလက်ရဲဇက်ရဲလေးက ကြာရွက်ကို ပြဿနာတသီတတန်းကြီး ရှာလာပေးခဲ့လေသည်။ ထိုအချိန်ကဆို ကြာရွက်၏အိမ်ရှေ့၌ မကျေနပ်ကြောင်းလာပြောသူများ ထိခိုက်အနာတရဖြစ်ရ၍အလျော်တောင်းသူများနှင့် စည်ကားနေခဲ့သည်။ တစ်သက်နှင့်တစ်ကိုယ် စိတ်တောင်မကူးဖူးသည့် စည်ကားခြင်းမျိုးဖြစ်သည်။

     "သူ့ကြောင့်မဟုတ်ရင် ကြာရွက်က ရွာအပြင်ကို ထွက်နေစရာလိုမလား။" လှေကိုလှော်ရင်းနှင့် ခါဥက မကျေမချမ်းဆိုသည်။ ခါဥ၏လှေလှော်သည့်အရည်အချင်းမှာ အကျွမ်းကျင်ကြီးတော့မဟုတ်။ သို့သော် ရွာအပြင်ထွက်လိုက်သည်နှင့် ရေပြင်ကျယ်ကြီးကို ဖြတ်လှော်ပြီးလျှင် ကြာရွက်၏ဘိုးဘွားပိုင်ခြံအကျယ်ကြီးဆီ ရောက်ပြီဖြစ်သည်။ မြစ်ရေက ဘယ်တုန်းကမှ ရွာထဲအထိတက်မလာဖူးလေရာ လှေကြီးကိုသယ်ကာ အလုပ်ရှုပ်နေသော ခါဥကိုကြည့်ရင်း ရွာထဲရှိ လူတွေကလည်း အထူးအဆန်းဖြစ်နေကြသည်။

     ငန်းရိုင်းရောက်ခါစ၌ အတော်လေးပွဲစည်အောင် ပြဿနာရှာခဲ့မှန်း ကြာရွက် ဝန်ခံပါသည်။ သို့သော် ထိုအရာတွေအကုန်လုံးက ငန်းရိုင်းတစ်ယောက်တည်း၏အမှားတော့ မဟုတ်ခဲ့ပေ။ တစ်ဖက်လူတွေကလည်း စည်းကျော်ကာ မပြောသင့်သည်တို့ကို ပြောခဲ့ကြသည်လေ။ ငန်းရိုင်းက လက်မြန်ခြေမြန်ရှိလွန်းသောကြောင့်သာ အပြစ်အကုန်လုံး ငန်းရိုင်း၏ခေါင်းပေါ်သို့ ပုံကျသွားခြင်းဖြစ်သည်။ တကယ်တော့ ကြာရွက်သည် ရွာထဲတွင် နေရသည်ထက် ရွာအပြင်ကခြံထဲတွင် ငန်းရိုင်းနဲ့အတူရှိနေရသည်ကို ပိုသဘောကျသည်။ ရွာထဲကလူတွေကသူ့အပေါ်ကောင်းသည့်တိုင် တကယ်တမ်းတွင် သူနှင့်ဘာတော်စပ်မှုမှမရှိကြသည့် လူရင်းသူစိမ်းတွေသာဖြစ်သည်မလား။

ငန်းဖြူထောင်ချောက်Where stories live. Discover now