ဇန်နဝါရီ လမ်းခွဲ
"ပူလိုက်တာ .."
ဓာတ်လှေကားထဲမှ ထွက်လိုက်သည်နှင့် တစ်ပြိုင်နက်ဆိုသလို မျက်နှာသို့ လာဟပ်သည့် လေပူများကြောင့် သူ ညည်းတွားလိုက်မိသည်။ တိုက်ခန်းမှ ကားပါကင်သို့ ခရီးလမ်း တိုတိုလေးကိုပင် သူ့ခမျာ တော်တော်လေး ပူလောင်အိုက်စပ်နေရပြီ။ ဆောင်းတွင်းလယ်ကြီး ဖြစ်သော ဇန်နဝါရီလတွင်ပင် ပူပြင်းလှပါသည့် ဤအရပ်၏ ရာသီဥတုအား တစ်ပတ်ဟူသော အချိန်အတွင်း အသားကျရန် သူ့အတွက် ခက်ခဲနေသည်။
လက်ထဲမှ ခရီးဆောင်အိတ်အား ကားနောက်ခန်းထဲ ထည့်ပြီး သူ ခဏတဖြုတ် အပန်းဖြေနေချိန်တွင် နောက်မှ လိုက်လာသော လင်းလျန်ရှင်းသည် သူ့အဖြစ်ကို ကြည့်၍ ရယ်လေတော့သည်။
"သနားပါတယ် .. ငါတို့ ရှီးရှီး"
နဖူးစပ်ရှိ ချွေးစတို့ကို လက်ခုံဖြင့် သုတ်လိုက်ရင်း သူ ဆူပူလိုက်ရသည်။
"အပိုတွေ ပြောတာရပ်ပြီး ပစ္စည်းတွေ မြန်မြန်ထည့်။ ပြီးရင်သွားမယ်"
"အယ် .. ပစ္စည်းက ဒါ အကုန်မဟုတ်သေးဘူး။ အပေါ်မှာ ပြန်သွားယူရဦးမယ်"
လင်းလျန်ရှင်းသည် ပြောပြောဆိုဆိုနှင့် လက်ထဲရှိ ခရီးဆောင်အိတ်ကို ကားနောက်ခန်းထဲ ဖြစ်သလို ပစ်ထည့်ကာ ဓာတ်လှေကားဘက်သို့ အလျင်အမြန် ပြေးထွက်သွားသည်။
နှစ်ညအိပ်၊ သုံးရက်ခရီးလေး သွားသည်ကို မသိလျှင် တစ်လကိုးသလင်း သွားသကဲ့သို့ ပစ္စည်းများ မပြီးနိုင်မစီးနိုင် သယ်ယူနေမည်အား မြင်ယောင်မိ၍ အပြင်ဘက်၌ ရပ်စောင့်မနေတော့ဘဲ ကားထဲသို့ ဝင်နှင့်ကာ အဲကွန်း ဖွင့်လိုက်ရသည်။ ထိုအခါမှ အတန်ငယ် နေသာထိုင်သာ ရှိသွား၏။
နာရီဝက်ခန့် စောင့်ပြီးသည့်နောက်မှ ရှပ်ပြာရှပ်ပြာနိုင်လှသော မမလေး လင်းလျန်ရှင်း၏ ပစ္စည်း သယ်ယူထုပ်ပိုးမှုမှာ အလုံးစုံ ပြီးစုံသွားပြီး ဦးတည်ရာသို့ စတင် ထွက်ခွါနိုင်တော့သည်။
တစ်ခဏကြာသည့်အခါ အနက်ရောင် SUV ကားလေးသည် တက္ကသိုလ်ရိပ်သာလမ်းသစ်ထဲမှ ချိုးကွေ့ ထွက်လာလျက် ရန်ကုန်မြို့၏ ရှုပ်ထွေးပွေလီလှသော လမ်းမထက်တွင် ရောယှက်သွားလေသည်။