[Unicode]
လေယာဉ်မယ်လေးသည် မျက်ရည်များ ဝေ့သီလျက် နီရဲနေသော မျက်လုံးအစုံတို့ဖြင့် လေယာဉ်ပေါ်ရှိ ခရီးသည်များအား စာရွက်နှင့် ဘောပင်န်များ လိုက်လံဝေပေးနေပြီး ၎င်းတို့၏ နောက်ဆုံးပြောလိုသည့် စကားတို့ကို ရေးစေသည်။
ဤအခြေအနေမျိုးတွင် ခရီးသည်များသည် ဘာမှ မတတ်နိုင်ကြတော့။ လေယာဉ်ပျက်ကျမည်ကို ရှောင်လွှဲရန် နည်းလမ်းလည်း မရှိတော့လေရာ အားလုံးသည် မျက်ရည်စက်လက်ဖြင့် နောက်ဆုံးဆန္ဒအား စာရွက်ပေါ် ချရေးရုံသာ တတ်နိုင်တော့သည်။ တချို့သော စိတ်မခိုင်သူများက အော်ဟစ်ငိုယိုနေကြပြီး လေယာဉ်တစ်ခုလုံးသည် ငရဲခန်း၏ သရုပ်ပြမြင်ကွင်းနှယ် ပွက်ပွက်ညံနေတော့သည်။
ရောက်ရှိလာတော့မည့် နောက်ဆုံးအခိုက်အတန့်အား စောင့်ဆိုင်းနေရင်း ချန်ဖေးယွီသည် သူ့လက်ထဲတွင် ဆုပ်ကိုင်ထားသည့် ဗလာဖြစ်နေဆဲ စာရွက်လေးအား ခပ်တွေတွေ ငေးကြည့်နေမိသည်။
ဘယ်လိုမျိုး နောက်ဆုံးဆန္ဒကိုများ သူက ချရေးနိုင်ပါ့မလဲ။ အနည်းဆုံးတော့ နောက်ဆုံးနောင်တဆိုရင်တောင် သူ့မှာ ချရေးစရာ ရှိနေဦးမယ်။
ဒီနှစ်တွေအတွင်း အဲဒီ့လူကို သူ့အနားမှာ အတင်းအကြပ် ပိတ်လှောင်ထားပြီး နာကျင်စေခဲ့တဲ့ နောင်တ ..
အဲဒီ့လူရဲ့ သူ့အပေါ် ခံစားချက်ကို နည်းနည်းလောက်ပဲဖြစ်ဖြစ် သတ္တိမွေးပြီး မမေးနိုင်ခဲ့တဲ့ နောင်တ .. ။
နောက်ဆုံးတွင်တော့ ချန်ဖေးယွီသည် ရင်ဘတ်ထဲရှိ ဆို့နင့်လာမှုတို့အား လျစ်လျူရှုရင်း စာလုံးအချို့အား ဗလာစာရွက်ထဲ၌ ချရေးလိုက်ပါ၏။
~ နောက်ဆုံးလေယာဉ်နဲ့ အမှီပြန်လာခဲ့ပေမဲ့ ဒီနှစ်တော့ ကောရဲ့ မွေးနေ့မှာ အတူတူရှိမပေးနိုင်တော့ဘူး၊ နောက်ထပ်နှစ်တွေမှာရောပေါ့။ မထင်မှတ်ဘဲ ကော လိုချင်တဲ့ မွေးနေ့လက်ဆောင်ကို ကျွန်တော် ပေးနိုင်ခဲ့တာပဲ။ အရာရာအတွက် တောင်းပန်ပါတယ်။
ပြီးတော့ .. ချစ်တယ် ~လူတချို့ ပြောကြတာကို သူ ကြားဖူးသည်။
"အချစ်ရေးဆိုတာ ရေသောက်ရသလိုပဲ၊ အေးတဲ့ရေနဲ့ ပူတဲ့ရေမှာ ဘယ်ဟာက ပိုကောင်းသလဲဆိုတာကို သောက်တဲ့သူပဲ သိကြတာ" တဲ့။