《 Recap After 》

503 55 0
                                    

Written by inkseeker_217

[Unicode]

"ဆရာတူ အစ်ကိုကြီး..."

ချိနဲ့စွာ ပြုံးရင်း ခေါ်မိခဲ့သည့် နာမ်စားတစ်ခွန်း...

ဝဲဘက်ရင်အုံထံ စိုက်ဝင်နေသော ငွေရောင်ဓားရှည်၏ အစွန်းတစ်ဖက်မှ မျက်ဝန်းများသည် ရေသေပမာ တည်ငြိမ်နေ၏။

သူမေ့သွားခဲ့သည်။ ယခု သူ့ရှေ့တွင် ရပ်နေသူသည် သူ့ကို ချစ်ခင်အလိုလိုက်ခဲ့သည့် ဆရာတူအစ်ကိုကြီး ယွင်လုံ မဟုတ်တော့။ သူ့ရှေ့မှလူသည် ကောင်းကင်မင်းကြီး၏ သားတော်၊ တာ့လီပြည်၏ အိမ်ရှေ့စံ၊ နဂါးမျိုးနွယ်၏ စစ်သူကြီး စသည့် ဂုဏ်ထူးဝိသေသများစွာကို ပိုင်ဆိုင်သူ...လော်ယွင်ရှီးပေတည်း။

"ဟက်"

ရယ်စရာကောင်းလွန်းလှသည်။ နှစ်ပေါင်းငါးရာကျော်ကြာ မြင်တွေ့ချင်ခဲ့သော မျက်နှာ၊ မြင်တွေ့ရသော်လည်း ယခုလို အနေအထားနှင့်တဲ့။

ဓားအသွားကို ဆုပ်ကိုင်၍ ရှေ့သို့ တိုးဝင်လိုက်သော်လည်း နာကျင်မှုကို မခံစားရ၊ နာကျင်လွန်း၍ ထုံသွားခြင်း ဖြစ်ပေလိမ့်မည်။ ပြာပုံထဲမှပင် ပြန်လည်ရှင်သန်နိုင်သည့် ဇာမဏီမျိုးနွယ်ဖြစ်သော်ငြား သူတိတ်တခိုး မြတ်နိုးခဲ့ရသူ၏ လက်ထဲမှဓားသည် မသေမျိုးခပ်သိမ်းကို သတ်ဖြတ်နိုင်သည့် ဝိဉာဉ်ချုပ်ငြိမ်းဓား ဖြစ်နေသည်။ သူ့အသိစိတ်တို့ ဝေဝါးလာခဲ့သည်။ သူအသိစိတ်မလွတ်မီတွင် နောက်ဆုံးမြင်လိုက်ရသည်က ဆရာတူအစ်ကိုကြီး၏ မျက်ဝန်းထောင့်မှ မျက်ရည်စတစ်စ။ သူ ထင်ယောင်ထင်မှား ဖြစ်နေခြင်းလား၊ အမှန်တကယ်လေလားဟူသည်ကို သူသိနိုင်ရန် အခွင့်မသာခဲ့ချေ။

***

(ချန်ဖေးယွီ အသက်၁၀၀ကျော် နှလုံးသားကင်းမဲ့တောင်ထွတ်သို့ စရောက်သည့် ညနေတွင်)

"မယ်တော်ရော ဦးရီးတော်ရော လုံးဝ မကောင်းဘူး"

မိုးမခပင်အောက်တွင် ထိုင်၍ သိုင်းကစားနေကြသော ဆရာတူအစ်ကို၊ အစ်မများကိုကြည့်ကာ သူအသံထွက် ရေရွတ်လိုက်မိသည်။

Miracle || OneShotsWhere stories live. Discover now