Chapter 100👨‍⚕️

502 90 0
                                    

🧑‍⚕️Chapter 100

ကျန်းရွှိမှာ သိသိသာသာပင် ခံစားချက်များကို အလွယ်တကူ မဖော်ပြတတ်သူဖြစ်လေရာ သူ့အတွက်ရှန့်ဖန်းယွိကို ချီးကျုးပေးရန်မှာ အနည်းငယ်ခက်ခဲလှသည်။

ကျန်းရွှိ အောက်ကိုငုံ့ကာ ထန်ခယ်၏အကြံပေးချက်ကို ရှောင်ရှားလိုက်ပြီး ပွင့်ပွင့်လင်းလင်းပြောလိုက်သည် " ငါထိမိသွားရုံလေးနဲ့ သဘောတူခဲ့တာ မဟုတ်ပါဘူးနော်..."

" ငါသိတယ်လေ ကျန်းရွှိ မင်းကဒီလောက်မာနကြီးတာ ဘယ်လိုလုပ်ပြီး စိတ်ထဲထိမိသွားရုံလေးနဲ့ တစ်ယောက်ယောက်က မင်းကိုလိုက်တာကို သဘောတူနိုင်မှာလဲ...မင်းသူနဲ့အတူရှိနေပြီလို့ ပြောလာကတည်းက မင်းသူ့ကို တကယ်ကြီး မြင့်မြင့်တွေးပြီးအရမ်းသဘောကျတယ်ဆိုတာ ငါသိနေပြီးသား..."

" ဒါပေမယ့် ဆက်ဆံရေးတစ်ခုမှာ မင်းကိုယ်တိုင်ကြုံတွေ့နေရတာနဲ့ ဘေးလူအမြင်ဆိုတာ မတူညီတဲ့အရာနှစ်ခုပဲဟ...ထိပ်တိုက်တွေ့တာတွေ၊အထင်လွဲတာတွေ၊ စိတ်သဘောထားမတိုက်ဆိုင်တာတွေက မင်းတို့ကိုယ်တိုင်ခံစားကြည့်ရမဲ့အရာတွေလေ... ဘယ်သူကများ တစ်သက်လုံးအမှားမလုပ်ပါဘူးလို့ အာမခံနိုင်မှာလဲ...မဟုတ်ရင် ရေရှည်ဆက်ဆံရေးကို ထိန်းထားနိုင်တဲ့သူတွေက စွမ်းဆောင်နိုင်တယ်လို့ ဘယ်လိုလုပ်ပြီးပြောနေကြမှာလဲ..."

စကားအဆုံးတွင် ကိုယ့်အခြေအနေကို သတိရသွားသောကြောင့် ထန်ခယ်ခါးသီးစွာ ရယ်လိုက်မိပြီး " ငါသာ မင်းနဲ့အခုစကားပြောနေသလိုအချစ်ရေးမှာ ခေါင်းရှင်းရှင်းထားနိုင်ရင် လွန်ခဲ့တဲ့နှစ်နှစ်လောက်ကတည်းက လက်ထပ်ပြီးလောက်ပြီ...ငါ့မှာ မိန်းမရယ်ကလေးရယ်နဲ့ နွေးထွေးတဲ့အိပ်ရာတစ်ခုရှိနေလိမ့်မယ်...မင်းရဲ့အချစ်ရေးနည်းပြဖြစ်ဖို့ ဘယ်အချိန်ရှိလိမ့်မလဲနော်..."

ထန်ခယ်တွင်လည်း အလွန်ကောင်းသောဆက်ဆံရေးဖြင့် ချစ်သူကောင်မလေးတစ်ယောက်ရှိခဲ့ဖူးပြီး ကျန်းရွှိ သူမနှင့်အကြိမ်များစွာ ဆုံတွေ့ခဲ့ဖူးသည်။ မူလအစတွင် ကျန်းရွှိမှာ ထန်ခယ်၏မင်္ဂလာဆောင်တွင် သတို့သားအရံလုပ်ပေးရမည်ဖြစ်သော်လည်း ထိုသူနှစ်ဦးမှာ ရုတ်တရက်လမ်းခွဲခဲ့ကြလေသည်။

Dr.ကျန်း (ဘာသာပြန်)Where stories live. Discover now