မေကုန်းချင်

Start from the beginning
                                    

ထိုအချိန်၌ သခင်မလီက စူးရှစွာပြောလိုက်သည်။

"သူ့ကို အချိန်ပြည့်စောင့်ကြည့်နေ...တံခါးကိုလည်း သော့ခတ်ထားလိုက်..."

"ဟုတ်ကဲ့ပါ သခင်မ..."

တံခါးကို အပြင်မှ ‌သော့ခတ်လိုက်ပြီးသောအခါ သခင်မလီ၏ အပြင်မှ အော်ဟစ်နေသံကို ကြားနေရသေးသည်။

"သူ့ကို သေချာကြည့်ထားကြနော်..."

"ဟုတ်ကဲ့..."

အချိန်က တဖြည်းဖြည်းကုန်ဆုံးသွားသည်။

ချန်ရုံသည် ကုတင်ပေါ်၌ထိုင်၍ ဒူးခေါင်းများကို ထွေးပိုက်ထားကာ မျက်နှာကျက်မှ ပြတင်းပေါက်ကိုမော့ကြည့်နေမိသည်။

ချန်ရုံသည် တကယ်တော့ အလွန်ဉာဏ်ထက်မြက်သူတစ်ယောက်မဟုတ်ပါ။ သူမသာ ဉာဏ်ထက်မြက်ခဲ့ပါက ယခင်ဘဝ၌ ထိုကဲ့သို့သောအဖြစ်ဆိုးမျိုးနှင့် ဇာတ်သိမ်းခဲ့ရမည်မဟုတ်ချေ။

ချန်ရုံသည် ဦးနှောက်ကိုဖျစ်ညှစ်၍ ထွက်ပြေးရန်နည်းလမ်းအမျိုးမျိုးကိုစဉ်းစားနေသော်လည်း တစ်ခုမှထွက်မလာချေ။ ထိုဖိတ်စာသည် သခင်မရွမ်နှင့် သခင်မလီတို့ ပေးပို့ခြင်းမဟုတ်ရန်သာ ချန်ရုံ ဆုတောင်းနေနိုင်တော့သည်။ ထိုဖိတ်စာကို သူတို့သာ ပို့လိုက်ခြင်းဖြစ်ပါက ချန်ရုံ၏ဘဝသည် ဆုံးခန်းတိုင်တော့မည်ဖြစ်သည်။

ချန်ရုံသည် မျက်နှာကို ဒူးခေါင်းပေါ်သို့တင်လိုက်သောအခါ ဝမ်ဟုန့်ကိုမြင်ယောင်လာမိသည်။ ယမန်နေ့ညမှ အဖြစ်ဆိုးများကိုလည်း စိတ်ထဲ၌ ထပ်ခါထပ်ခါ ပြန်တွေးနေမိသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် အမှောင်ထု ကျရောက်လာတော့သည်။

အခန်းငယ်က မှောင်လွန်း၍ ချန်ရုံသည် သူမ၏လက်ချောင်းများကိုပင် ပြန်မမြင်ရတော့ပေ။ အပြင်မှ စကားသံများနှင့် ရယ်သံများကိုသာ မကြားနေရလျှင် ချန်ရုံသည် သူမ၏နှလုံးခုန်သံကို ပြန်နားထောင်နေရင်းနှင့်ပင် ရူးသွပ်‌သွားတော့မည်ဖြစ်သည်။

အချိန်မည်မျှကုန်ဆုံးသွားသည်မသိနိုင်၍ တဖြည်းဖြည်းနှင့် မျက်နှာကျက်ပြတင်းပေါက်ဆီမှ ကြယ်ရောင်များဖြာကျလာ၍ အပြင်မှ စကားသံများကလည်း တဖြည်းဖြည်း တိုးတိတ်သွားကြသည်။

မေကုန်းချင်Where stories live. Discover now