အခန်း ၆

477 71 1
                                    

~Unicode~

ချောင်ယွမ့်လင်မှာ မနက်ခင်းအတန်းချိန် နှစ်ချိန်စလုံး ဗိုက်ဟောင်းလောင်းနှင့်သာ ထိုင်နေခဲ့ရသည် ။ နားချိန်ရောက်သောအခါ ဘီစကစ်တစ်ထုပ်နှင့် နို့တစ်ဘူးအား ထုတ်ယူလိုက်သော်လည်း စပြီးမစားနိုင်သေးခင်မှာပင် သူ၏အခန်းဖော် ထျန်းယွိက အခန်းထဲသို့ အမောတကောပြေးဝင်လာသည် ။

ထျန်းယွိက အားပြင်းပြင်းနှင့် ဝင်ထိုင်ချလာလေရာ ထိုင်ခုံက အနည်းငယ်တိမ်းစောင်းသွားပြီး နို့အနည်းငယ်က စားပွဲထက်သို့ ဖိတ်လျှံသွားတော့သည် ။ ချောင်ယွမ့်လင်က ပြောစရာစကားပင် မဲ့သွားလုမတတ် ။ " မင်းနောက်က ခွေးလိုက်လာလို့လား ?"

ထျန်းယွိက ပြန်ဖြေသည် ။ " သူရောက်လာပြီ "

" ဘယ်သူရောက်လာတာလဲ ?" ချောင်ယွမ့်လင်က စားပွဲအား တစ်ရှူးဖြင့်သုတ်နေရင်း ပြောလာသည် ။ " အနံ့ခံကြည့်လိုက်... ခံကြည့်လိုက်ဦးဟ... ငါ့စားပွဲတစ်ခုလုံး နို့နံ့တွေထွက်နေပြီ "

အတန်းတစ်၏ ကျောင်းသားများအားလုံးက ကိုယ့်ထိုင်ခုံရှိရာသို့ ပြန်ထိုင်လာကြပြီး တစ်ခန်းလုံးမှာလည်း တိတ်ဆိတ်သွားသည် ။ ချောင်ယွမ့်လင်က နံရံထက်ရှိ နာရီအား လှမ်းကြည့်လိုက်ပြီးနောက် မေးခွန်းထုတ်မိလျက်သား ။

" ခေါင်းလောင်းသံမှ မမြည်သေးတာကို? မင်းတို့အားလုံး ဘာဖြစ်နေကြတာလဲ ?"

အရှေ့ဖက်ထိုင်ခုံမှ အတန်းဖော်ဖြစ်သူက ခေါင်းလှည့်ကာ ပြောလာသည် ။ " အတန်းခေါင်းဆောင်... အတန်းကော်မတီ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ အာရုံစူးစိုက်မှုလေးဘာလေး နည်းနည်းလောက်တော့ ရှိပါဦးလား ?"

ချောင်ယွမ့်လင်က ပြန်ဖြေသည် ။ " ငါမင်းကို ယွမ်နှစ်ရာပေးလိုက်မယ်.. အခုအချိန်ကစပြီး အဲ့ရာထူးကို မင်းယူလိုက်လေ "

ချောင်ယွမ့်လင်မှာ ဆင်ခြေဆင်လက်ပေးနေခြင်း မဟုတ်ပါပဲ အမှန်တကယ်ကို အတန်းခေါင်းဆောင်တာဝန်အား မယူချင်ခဲ့ခြင်းသာ ။ ငပျင်းတစ်ယောက်အနေနှင့် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရန်ကပင် ခက်ခဲလွန်းလှပြီဖြစ်လေရာ တစ်တန်းလုံးရှိ အတန်းဖော်များကိုပါ ကြည့်ရှုရန်က မတတ်နိုင်သည့်အရာပင် ။

နှလုံးသား၏စေစားရာ║မြန်မာပြန်Dove le storie prendono vita. Scoprilo ora