သူ ကလေးမလေးလက်ကို မထိဘူး။ အဲ့ဒီအစား သတိကြီးကြီးနဲ့ခေါင်းငုံ့ပြီး အံဆွဲအမှောင်ထဲကို လက်ထိုးထည့်လိုက်တယ်။ စားပွဲက မူလတန်းကျောင်းသားတွေသုံးတဲ့ စားပွဲမျိူး။ ဒါကြောင့် လူကြီးလက်တစ်ဝက်လောက်ပဲ ဝင်ရမှာဖြစ်ပေမယ့် အခုတော့ ယင်းရန်လက်က ပခုံးထိအံဆွဲထဲဝင်နေပြီ။ သူ အထဲမှာမွှေနှောက်ရှာနေတယ်။

"သတိထား!"

ဦးထုပ်နီကထအော်တယ်။

ယင်းရန် အံဆွဲထဲမှာ စမ်းတဝါးဝါးစရှာတာနဲ့ ကောင်မလေးက ဖြည်းဖြည်းချင်း ထလာပါလေရော။ သူမက တောင့်တင်းနေတဲ့ အရိုးအဆစ်တွေကိုလိမ်ပြီး ခြေ၊လက်၄ဖက်နဲ့ စားပွဲပေါ်တွယ်တက်ကာ အပေါ်စီးကနေ ယင်းရန်ကို 'ငုံ့​ကြည့်'နေတယ်။

သူမအနောက်မှာရှိနေတဲ့ တစ္ဆေကြီးကလည်း သူမပေါ်တင်ထားတဲ့လက်ကို ဖယ်ပြီး မတော်မတရား ရှည်လျားနေတဲ့ လက်ချောင်းကြီးတွေကို ဟဖြဲကာ ယင်းရန်ဆီ တဟုန်ထိုးရောက်လာတယ်။ ကောင်မလေးကတော့ ယင်းရန်နား တိုးကပ်လာနေရင်း လက်ဖဝါးဖြန့်ပြီး လက်ချောင်းတစ်ချောင်းချင်း ပြန်ရုတ်သိမ်းနေတယ်။

လက်ချိူးရေနေတာပဲ။

ယင်းရန်ကဖြင့် အဖက်ကိုမလုပ်၊ ခေါင်းတောင်မမော့ဘဲ ဆက်မွှေနေတယ်။

ကောင်မလေးကလည်း သူ့ကိုအလွှတ်မပေး။ မြေစမြေမှုန်တွေ ပိုမိုလွင့်စင်ကျလာပြီး ယင်းရန် မျက်နှာဘေးဘက်အခြမ်းကို လာရောက်ထိမှန်ကုန်တယ်။ မျက်နှာအင်္ဂါရပ်တွေမပါတဲ့ 'မျက်နှာကြီး'ကလည်း သူ့အနားကို တိုးကပ်လာနေ​မြဲ။

ဒီလိုနဲ့ သူ့ကိုထိမိတော့မယ့်ဆဲဆဲမှာ...

"တွေ့ပြီ"

ယင်းရန်က အနီရောင်ပစ္စည်းလေးတစ်ခုကို ဆွဲထုတ်ပြီး ခုံမှာသေချာပြန်ထိုင်လိုက်တယ်။ ကောင်မလေးကလည်း လူသားတွေအတွက် မဖြစ်နိုင်တဲ့ အ​​မြန်နှုန်းမျိူးနဲ့ သူ့ခုံဆီ ပြန်ရောက်သွားပြီး ထိုင်နေကျပုံစံအတိုင်း ပြန်ထိုင်လိုက်တယ်။

အဲ့ဒီနောက် ယင်းရန်က အသက်ရှုထုတ်လိုက်ပြီး စာမေးပွဲဖောင်ကို ကောင်မလေးအရှေ့မှာ သေသေသပ်သပ် ချပေးလိုက်တယ်။ ပြီးတော့မှ သူ ဆွဲထုတ်ထားတဲ့ အနီရောင်ပစ္စည်းကို ဂရုတစိုက် လိမ်ကျစ်ပြီး မဆိုစလောက်ဟနေတဲ့ ကောင်မလေးလက်ကြားထဲ ထိုးထည့်ပေးလိုက်တယ်။

လူသားလိုမိစ္ဆာမျိုး...Where stories live. Discover now