နံနက်စောစောတွင် ကြည်ကြည်လင်လင်နိုးထလာတဲ့ ခညောင်းဦးကတော့ ယခုအချိန်ထိ လူးလွန့်မောင်ရင်ခွင်ထဲတွင်သာ စတည်းချနေခဲ့ခြင်းပင်..။ ထို့ကြောင့် အနောက်ဘက်ကနေ သူ့ခါးလေးကိုမတင်းမလျော့လေး ဖက်ကာထားပြီး အိပ်မောကျနေသူကြီးအတွက် အလိုက်တသိသာ ငြိမ်သက်ပေးမိပြန်သည်။

မလှုပ်သာမလူးသာမို့ ဟိုကြည့်ဒီကြည့် ဝေ့ပတ်ကြည့်နေမိရင်းက မိမိဝတ်ဆင်ထားတဲ့ အင်္ကျီနဲ့ပုဆိုးမှာ အိပ်ရာဝင်ချိန်ကနဲ့တူမနေတာကို သတိထားမိသွားသည်။ ထိုအခါ မျက်နှာလေးရဲစွာဖြင့် ခညောင်းဦးအာရုံသည် မနေ့ညရဲ့ အဖြစ်အပျက်တွေဆီသို့သာ တစ်ပတ်ပြန်ကျော့ရလေပြီ။

အဖျားတက်နေစဉ် တစ်လျှောက်လုံးတွင် အမေမှာတဲ့အတိုင်းကို တစ်သဝေမတိမ်းလုပ်ဆောင်ခဲ့တဲ့ လူးလွန့်မောင်ကြီးကြောင့် ခညောင်းဦးခမျာ ညည်းညူနေတဲ့ကြားက အရှက်ကြီးရပါသေးသည်။ စေတနာနဲ့ အပင်ပန်းခံပေးနေသူကို ငြင်းဆန်လိုက်ဖို့အရေး မပြောရက်ပြန်တော့လည်း ခညောင်းဦးအဖြစ်က မျက်လုံးလေးမှိတ်လို့သာ အိပ်ချင်ယောင်ဆောင်ရရှာပေါ့။

ကံအားလျော်စွာဖြင့် လူးလွန့်မောင် အင်္ကျီလဲဝတ်ပေးချိန်တွင် အိပ်ခန်းလေးက အမှောင်ကဲနေလို့သာ တော်ပေရော့မည်ထင်..။

________

ရှည်လျားလှတဲ့ ဆံနွယ်ရှည်‌တွေကို ခညောင်းဦးအချိန်ယူပြီး သေချာဖြီးသင်နေချိန်မှာပဲ မျက်နှာသစ်ပြီးသွားတဲ့ လူးလွန့်မောင်က အိပ်ခန်းထဲပြန်ဝင်လာလေသည်။

" ပြူးစိန်! ဆံပင် ပြန်ထုံးမလို့လား "

" အင်း.. ဟုတ်တယ် "

" လက်ကရော သက်သာရဲ့လား "

" အင်း "

" အဟွန်း! အဲ့လို စောင်းစောင်းကြီးမနေဘဲ မောင်ကြီးကို နည်းနည်းလောက်များ ငဲ့ကြည့်ပါဦးလားဗျ "

လူးလွန့်မောင်ဆီက အသံကြားရုံနဲ့တင် နားရွက်လေးတွေနီမြန်းလာတဲ့ ခညောင်းဦးက တစ်မနက်လုံး မျက်နှာချင်းဆိုင်ဖို့ကို ရှောင်လွှဲနေခဲ့သည်လေ။

ထို့ကြောင့် လူးလွန့်မောင်လည်း ပုဆိုးပြန်ပြင်ဝတ်ကာ ခညောင်းဦးအရှေ့တွင် တမင်ဝင်ထိုင်လျက် ခေါင်းငုံ့ထားသူလေးကို မေးကြီးထောက်လို့ ထိုင်ကြည့်ပေးနေလိုက်သည်။

ငပြူးငလူးWhere stories live. Discover now