Part [11]

727 17 2
                                    


Sponsor

[ Part 11 ]

မူရင်းစာရေးသူ: 아노르이실
ဘာသာပြန်သူ: Nieve

မူယွန်တစ်ယောက် စောစောစားလိုက်တဲ့ နေ့လယ်စာက ပါးစပ်က ဝင်သွားလား၊ နှာခေါင်းက ဝင်သွားလားဆိုတာကို မသိလိုက်သလို သူ့ရှေ့ကလူက တစ်ခုခုပြောနေပေမဲ့ ဘာမှ မကြားရတော့ဘူး။ ဒီလိုမျိုး အရင်က မဖြစ်ဖူးပေမဲ့ ဘာတွေပြောနေလဲဆိုတာ လုံးဝကိုနားမလည်တာပါ။
သူက တရင်းတနှီးနဲ့ ပြောပြီး ပြုံးပြနေပေမဲ့ သံပတ်ပေးထားသလိုသာဖြစ်နေပြီး ခေါင်းထဲမှာ ဘာမှ မကျန်ခဲ့ဘူး။ တကယ်တော့ သူ ဘာမှမမှတ်မိရင်တောင် ပြောခဲ့သမျှစကားအားလုံးကို မှတ်တမ်းတင်ရိုက်ကူးထားမှာလေ။
မူယွန်က တစ်မှေးအိပ်နေတဲ့ ယူအီရင်းကိုသာ သတိရနေမိတယ်။
သူက အိပ်နေတဲ့သူနဲ့ ဆက်သွယ်နေသလိုမျိုးပဲ။ အိပ်ပျော်နေတဲ့လူနဲ့ ဆက်သွယ်လိုက်တော့ အဲ့ဒီလူရဲ့လွှမ်းမိုးမှုကြောင့် သူပါ အိပ်ချင်လာပြီး အနည်းငယ်မိန်းမောနေတဲ့ခံစားချက်ကြီးနဲ့ စားသောက်ပွဲ အဆုံးသတ်မဲ့အချိန်ကို မူယွန်တစ်ယောက် စောင့်နေရတယ်။

“ရုံးကိုပဲ ပြန်သွားတော့မယ်”

သူက မြန်မြန်နှုတ်ဆက်ပြီး ထွက်သွားတယ်။ ယူအီရင်းရဲ့မျက်နှာကို မြင်ချင်လို့ အခုလိုခေါ်ထားမှတော့ သူအိပ်နေတဲ့မျက်နှာလေးကို ကြည့်နေမှဖြစ်မှာပေါ့။ ဒီလိုအပြင်ထွက်လာရတာကို သဘောမကျလှပါ။
မူယွန်ရဲ့ခြေလှမ်းတွေက မြန်နေတာကြောင့် သူ ကားတံခါးရှေ့ မရောက်ခင်မှာပဲ သူ့ရဲ့လက်ထောက်တွေက အလျင်အမြန်သွားကာ တံခါးဖွင့်ပေးလိုက်တယ်။ မူယွန် ကားထဲရောက်တာနဲ့ ကားပါကင်ကနေ လျှောခနဲ ထွက်သွားတယ်။
ကားထဲက ထွက်ပြီး အတွင်းရေးမှူး သီးသန့်ပြင်ပေးထားတဲ့ဓာတ်လှေကားထဲကို ဝင်ပြီး ရုံးခန်းဆီ တည့်တည့်သွားလိုက်တယ်။ ရောက်တာနဲ့ ချက်ချင်း တံခါးလက်ကိုင်ကို လှည့်လိုက်တယ်။
အတွင်းရေးမှူးယောက အရေးတကြီး လှမ်းခေါ်လိုက်တယ်….။

“CEO အစည်းအဝေး စဖို့က….”

“မိနစ်သုံးဆယ်”

“ဟုတ်ကဲ့”

နောက်ထပ် မှတ်ချက်ပေးမလာတော့ပါ။ မိနစ်သုံးဆယ်အတွင်း ရုံးခန်းထဲကနေ ထွက်လာနိုင်မလားဆိုတာ သူ သိချင်မိပေမဲ့ မူယွန်က ရုံးခန်းထဲကို တစ်ယောက်တည်း ဝင်သွားပြီး တံခါးကို ပိတ်ချလိုက်တယ်။
မူယွန်တစ်ယောက် အသက်မျှဥ်းမျှဥ်းရှူလိုက်တဲ့အချိန် ရုံးခန်းထဲမှာ ယူအီရင်းရဲ့အနံ့တွေနဲ့ ပြည့်နေပုံရပြီး ဘယ်လိုပဲ ယူအီရင်းက တားဆေးမသုံးဘူးဆိုဆို အားသုံးပြီး ထုတ်မထားရင် ဒီလောက် အနံ့မပြင်းသင့်ဘူးလေ။ မူယွန်ရဲ့နှာဖျားမှာတော့ ယူအီရင်းရဲ့အနံ့တွေ ဝေ့သီနေတယ်လို့ ခံစားလိုက်ရတယ်။
မူယွန်က တံခါးကို မှီပြီး မျက်လုံးမှိတ်ထားရင်း အသက်ဝအောင် ရှူနေလိုက်တော့ သူ့ရဲ့ရင်ဘတ်က ဖောင်းလာပြီး ကျယ်လောင်စွာ ခုန်ပေါက်နေတယ်။ နောက်ကျောပါ တောင့်ပြီး အန်ချင်သလို ခံစားလိုက်ရတာမို့ တံတွေးအနည်းငယ်ကို မျိုချလိုက်ပြီး မျက်လုံးကို ပြန်ဖွင့်ကြည့်လိုက်တော့ အီရင်းရဲ့အသက်ရှူသံကိုတောင်မှ ကြားနေရတယ်။
မူယွန်က ဆိုဖာဆီကို ဖြည်းဖြည်းချင်း ကပ်သွားလိုက်ပြီး ယူအီရင်းရဲ့ဘေးနားမှာ ဂရုတစိုက်နဲ့ ဝင်ထိုင်လိုက်တယ်။

“ဘယ်အချိန်ရှိပြီလဲ”

“နည်းနည်းလောက် အိပ်လို့ရသေးတယ်”

မျက်လုံးအနည်းငယ်ဖွင့်ပြီး သူ့ကို ကြည့်လာတဲ့ ယူအီရင်းရဲ့ငေးကြောင်ကြောင်အမူအရာကြောင့် မူယွန်က ပြုံးလိုက်မိပြီး စိတ်ဆိုးနေချိန် သူ့ရဲ့မျက်နှာပေါ်မှာ အဲ့ဒီလိုပုံစံရှိနေတာက သူက ရုပ်ချောပေမဲ့ သူ့ရဲ့အပြုအမူတွေက ချစ်စရာကောင်းနေလို့ပဲ ဖြစ်မယ်။
ယူအီရင်းရဲ့ မည်းနက်ကြည်လင်နေတဲ့ မျက်ဝန်းရွဲကြီးတွေက အိပ်ချင်မူးတူးနဲ့ သူ့ကို မော့ကြည့်လာတော့ မူယွန်တစ်ယောက် ဒီလိုခေါင်းသေးသေးလေးမှာ အဲ့ဒီလို မျက်လုံးအကြီးကြီးတွေ ဘယ်လိုရှိနေလဲဆိုတာ သိချင်မိသွားတယ်။ သူ့ရဲ့မျက်နှာလေးတစ်ခုတည်းကပဲ မူယွန် ဒီနေ့ကြုံတွေ့ခဲ့ရတဲ့ အဆင်မပြေမှုတွေကို အစားထိုးလိုက်သလိုပဲ။

“အိပ်တာ အတော်ကြာသွားတာပဲ”

လက်မှာပတ်ထားတဲ့ နာရီကို ကြည့်ပြီး ယူအီရင်းတစ်ယောက် မျက်နှာကို လက်နဲ့သပ်ကာ မတ်တတ်ရပ်လိုက်တယ်။ အသံကျယ်ကျယ်နဲ့ သမ်းဝေပြီးတဲ့နောက် ပြန်ထိုင်ပြီး မျက်လုံးတွေ မှိတ်သွားပြန်တယ်။

“မင်းအတွက် ဟိုတယ်တစ်ခုမှာ ပြင်ထားစေချင်လား”

မူယွန်ရဲ့မေးခွန်းကြောင့် ယူအီရင်းက မူယွန့်ကို လည်ကုပ်ကနေ ကိုင်ပြီး ဆွဲလိုက်ရာ မူယွန်တစ်ယောက် ယူအီရင်း ဆွဲခေါ်ရာကို ပါသွားတော့မလိုဖြစ်တာကြောင့် ဆိုဖာလက်ရန်းပေါ်ကို ထောက်ထားလိုက်ရတယ်။
ယူအီရင်းက အိပ်ချင်မူးတူးနဲ့ ဆိုဖာပေါ်ကို မှီချလိုက်ပြီး သူ့အပေါ် မှီကျလာတဲ့ မူယွန့်ကို မော့ကြည့်လိုက်တော့ မူယွန်က သူ့ကို အနည်းငယ် တုန်ရီနေတဲ့အကြည့်တွေနဲ့ ကြည့်လာတယ်။ ဒီလိုကြီးက အရမ်းနီးကပ်နေပြီး အခုမှ တစ်ရေးနိုးလာတဲ့ ယူအီရင်းရဲ့ ပူနွေးနွေး ခန္ဓာကိုယ်အပူချိန်ကလည်း သူ့ခန္ဓာကိုယ်ထဲကို တိုက်ရိုက်စီးဝင်သွားသလိုပဲ။
ယူအီရင်းရဲ့ ဖွင့်တစ်ဝက် ပိတ်တစ်ဝက်မျက်ဝန်းတွေနဲ့ အပေါ်ကို အနည်းငယ် ကွေးတက်နေတဲ့နှုတ်ခမ်းတွေက အရမ်းလန်းဆန်းနေပုံပေါ်တဲ့အတွက် မူယွန်တစ်ယောက် ဘာမှမတတ်နိုင်တော့ဘဲ ဆွဲဆောင်ခံလိုက်ရပြန်တယ်။ သူ့ရဲ့နှလုံးခုန်သံတွေက တံခါးခေါက်သံထက်တောင် ပိုကျယ်လောင်နေသလိုပဲ။
နားထဲမှာ ဖုန်းမြည်သံကြားလိုက်ရတယ်။
တီ တီ-
အသံကျယ်ကျယ်နဲ့ အကြာကြီးမြည်နေတဲ့ ဖုန်းသံကြားမှာ သူ့ရဲ့အကြည့်တွေကတော့ ယူအီရင်းဆီကိုပဲ ဦးတည်နေပြီး သူ့ရဲ့နူးညံ့တဲ့နှုတ်ခမ်းထက်ကို အကြည့်ရောက်သွားချိန်မှာတော့ မူယွန်က တံတွေးမျိုချလိုက်မိတယ်။ ခါးနဲ့လည်ပင်းတစ်ဝိုက်က တောင့်တင်းမှုက ခန္ဓာကိုယ်တစ်လျှောက်ပါ ဖြတ်ပြေးသွားပြီး နှုတ်ခမ်းတွေလည်း ခြောက်သွေ့လာတယ်။ သူ့မှာ ဖြည်းဖြည်းချင်း မျက်တောင်ခတ်နေတဲ့ ယူအီရင်းဆီကနေ အကြည့်မခွာနိုင်ဖြစ်နေတယ်။

“ဟိုတယ်ကို တစ်ယောက်တည်း သွားရမှာလား”

ယူအီရင်းက ပျင်းတိပျင်းတွဲနဲ့ မေးလာတော့ မူယွန်ခမျာ ခေါင်းညိတ်ပြရုံသာတတ်နိုင်တော့တယ်။ ယူအီရင်းရဲ့လက်တွေက မူယွန်ရဲ့ပါးတွေကို ထိတွေ့လာပြီး သူ့ရဲ့ရှည်လျားသေးသွယ်တဲ့လက်တွေက ပါးကနေ လျှောဆင်းပြီး မေးရိုးကနေတစ်ဆင့် သူ့ရဲ့ကုပ်ပိုးကို လာထိတယ်။ မူယွန်က ယားစိစိအထိအတွေ့ကြောင့် မျက်လုံးကိုမှိတ်လို့ တံတွေးမျိုချလိုက်ပြီး အနည်းငယ် တုန်ယင်သွားတယ်။ ယူအီရင်းရဲ့ရယ်သံကလည်း ခန္ဓာကိုယ်ထက် ပဲ့တင်ထပ်သွားပါလေရော။

“ကျွန်တော်က တစ်ယောက်ယောက်နဲ့ အတူသွားချင်တာ…..”

“ငါ အဆင်သင့်ရှိနေမှာပါ”

မူယွန်ရဲ့အဖြေဆုံးတာနဲ့ ယူအီရင်းရဲ့နှုတ်ခမ်းတွေက သူ့နှုတ်ခမ်းတွေကို ထိလာတော့ မူယွန်တစ်ယောက် အေးတိအေးစက် ဆိုဖာလက်ရန်းကို ခပ်တင်းတင်းဆုပ်ကိုင်ထားလိုက်ရတယ်။ အဲ့ဒီလိုမှမဟုတ်ရင် သူ့ရဲ့ခန္ဓာကိုယ်က အီရင်းပေါ် နောက်တစ်ခါ ထပ်ပြီး ပြိုကျသွားတော့မယ်လို့ ခံစားနေရတယ်။
***

Swara Web Novel Translation

SponsorWhere stories live. Discover now